သတင်း ပြည်တွင်းသတင်း သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ
သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 20:54 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။

ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား  အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က တောင်ဒဂုံမြို့နယ် ရပ်ကွက်အချို့မှ လေဘေးဒုက္ခသည် ၃ဝ ခန့်သည် စစ်အစိုးရပေးသည့် အထောက်အပံ့ နည်းပါးသဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်ချဉ်းကပ် အကူအညီတောင်းစဉ် သတင်းယူရာမှ မအိမ့်ခိုင်ဦး တာမွေ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကာ ယနေ့တွင် စတင်ရုံးထုတ်ခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ခုစလုံး ကျခံနိုင်ပြီး၊ ပုဒ်မ ၁၂၄ (က) သည် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

“မိသားစုဝင်တွေကတော့ ရှေ့နေငှားဖို့ စီစဉ်မယ် ပြောတယ်။ သူကိုယ်တိုင်ကလည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဆိုတော့ သူ့ဆရာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဘယ်သူ့ကို ငှားထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

မအိမ့်ခိုင်ဦးသည် ဥပဒေ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူတဦး ဖြစ်ပြီး ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက် လုပ်ငန်းသက် ၂ လခန့်သာ ရှိသေးသည်။

အန်ဂျီအိုထံ သွားရောက် အကူအညီ တောင်းသည့် ဒုက္ခသည်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်က ခေတ္တဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved