သတင်း ပြည်တွင်းသတင်း Ecovision ဂျာနယ် အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရ
Ecovision ဂျာနယ် အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရ Print E-mail
နန်းဒေဝီ   
အင်္ဂါနေ့၊ ဇွန်လ 24 2008 18:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။      ။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ သွားရောက် အကူအညီ တောင်းခံသည့် လေဘေး ဒုက္ခသည်များ၏ သတင်း လိုက်ယူခဲ့သော အမျိုးသမီး သတင်းထောက် တဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်မှာ သီတင်းပတ် နှစ်ပတ်ကျော်သွားပြီဟု ဂျာနယ်တိုက် အပြောအရ သိရသည်။

စီးပွားရေးကို အသာပေး ဖော်ပြသည့် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တိုက်မှ အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးသည် ဇွန် ၁ဝ ရက်နေ့က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်အချို့က နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များထံ အကူအညီ တောင်းခံရေး ကြိုးစားခြင်း ကို သတင်းလိုက်ယူရင်း အဖမ်းခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ Ecovision ဂျာနယ်တိုက် တာဝန်ရှိသူတဦးက ပြောသည်။

အိမ့်ခိုင်ဦးကို တာမွေမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် တာမွေမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်မှာ ဖြစ်သည်။ 

ရဲက သတင်းထောက်သည် ဒုက္ခသည်များ၏ ဓာတ်ပုံရိုက်၍ ပြည်ပအခြေစိုက် သတင်း မီဒီယာများသို့ ရောင်းစားရန် ကြံစည်သည်ဟု စွပ်စွဲ ထားကြောင်းလည်း ဂျာနယ်တိုက် အပြောအရ သိရသည်။

“သတင်းရောင်းစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့မှာလည်း အဲလို အဆက်အသွယ်လည်း မရှိဘူး။ သူက ရိုးရိုးသားသား ဂျာနယ်လစ် တယောက်ရဲ့ အလုပ်ကို လုပ်ရင်းနဲ့ ဖြစ်သွားတာပါ” ဟု ဂျာနယ်တိုက်က ပြောသည်။ 

တောင်ဒဂုံမြို့နယ်မှ အများစု ပါဝင်သော လေဘေးဒုက္ခသည် ၃ဝ ခန့်က အစိုးရက ထောက်ပံ့မှု နည်းပါးလွန်းသည်ဟု ဆိုကာ ရန်ကုန်အခြေစိုက် အန်ဂျီအိုများထံ အကူအညီ တောင်းခံရန် ကြိုးစားခဲ့ကြရာ မအောင်မြင်ဘဲ အချို့ အဖမ်းခံလိုက်ရသည်။ (မဇ္ဈိမတွင် ဖော်ပြပြီးဖြစ် - ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ)။ မအိမ့်ခိုင်ဦးကိုပါ ဖမ်းဆီးသွားခြင်းကို ယခုမှ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ 

လေဘေး ဒုက္ခသည်များကို ဖမ်းဆီးသွားခဲ့သူများမှာ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး ထောက်လှမ်းရေးများ ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောပြခဲ့သည်။ အချို့သော ဒုက္ခသည်များ နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

သတင်းထောက်ကို တာမွေမြို့နယ် နတ်မောက်လမ်းရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့ (ယူအန်ဒီပီ) တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။

“ကျနော်ပြောချင်တာက ဒီကလေးက အလုပ်ဝင်တာလည်း ၂ လလောက်ပဲ ရှိသေးတယ်။ အလုပ်လည်း ကျိုးစားတယ်။ အမြဲ active ဖြစ်တယ်။ သူများ ဂျာနယ်တွေလိုပဲ သတင်းထူး၊ သတင်းဦး လိုချင်လို့ လုပ်တာဖြစ်တော့ အန္တရာယ်ကို သူမမြင်နိုင်ဘူး ဖြစ်တယ်” ဟု ဂျာနယ်တိုက်က ပြောသည်။

၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ခဲ့သည့် စာမျက်နှာ ၄၈ မျက်နှာရှိပါ Ecovision အပတ်စဉ်ထုတ် ဂျာနယ်သည် ယခင်က စီးပွားရေး ကဏ္ဍကိုသာ အသားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး သတင်း၊ ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် မဂ္ဂဇင်းပုံစံ အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved