သတင်း ပြည်တွင်းသတင်း တရုတ်နယ်စပ်တွင် ဝစ်သောက် ဆိုင်ကယ်များ အဝယ်လိုက်နေ
တရုတ်နယ်စပ်တွင် ဝစ်သောက် ဆိုင်ကယ်များ အဝယ်လိုက်နေ Print E-mail
မျိုးကြီး   
အင်္ဂါနေ့၊ ဇွန်လ 24 2008 17:21 - မြန်မာစံတော်ချိန်

ရွှေလီ။     ။ နိုင်ငံတဝန်းရှိ ဝစ်သောက်ဆိုင်ကယ်များ လိုင်စင် ထုတ်ပေးမည် ဆိုသဖြင့် မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ် တဖက်ကမ်းရှိ တရုတ်ပိုင် ကြယ်ခေါင်မြို့တွင် ဆိုင်ကယ်ရောင်းအား ၃ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်သွားသည်။ 

လိုင်စင်မဲ့ဖြင့် အိမ်နီးချင်းနိုင်ငံများမှ ခိုးသွင်းယူလာသော ဆိုင်ကယ်များကို လာမည့် လဆန်းပိုင်းတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင် ထုတ်ပေးမည်ဟူသည့် သတင်းကြောင့် တရုတ်နယ်စပ်မြို့ ကြယ်ခေါင်တွင် မြန်မာဘက်သို့ သွင်းမည့် ဆိုင်ကယ်များ ယခင်က တရက်လျှင် အစီးရေ ၃ဝဝ ခန့် အရောင်းအဝယ် ဖြစ်ရာမှ ယခု ရက်ပိုင်းအတွင်း တနေ့လျှင် အစီး ၁ဝဝဝ ခန့်အထိ အဝယ်လိုက်နေခြင်း ဖြစ်သည်။ 

မူဆယ် ကုန်သည်ကြီးများ အသင်းဝင် ကုန်သည်တဦးက “ဇူလိုင် လဆန်းပိုင်းမှာ လိုင်စင်တွေ ပြန်ချပေးတော့မယ်လို့ ပြောနေတယ်။ လိုင်စင် ထုတ်မပေးတော့ အခွန်မရတာဘဲ ရှိတယ်။ ဆိုင်ကယ်ကတော့ သွားနေကြတာပဲ။ ထိန်းမနိုင်တော့တာရယ်၊ ငွေလိုနေတာရယ်၊ အဲဒါလည်း ပါမှာပေါ့။ နံပါတ်ပြားကတော့ ကိုယ့်ဟာနဲ့ကိုယ် တပ်လို့ရတယ်။ အပြင်မှာလည်း ဝယ်လို့ရတယ်။ တရားဝင် လိုင်စင်နဲ့ စီးကြတာ မဟုတ်ဘူး။ ဒီလိုပဲ စီးနေကြတာ” ဟု သူက ပြောသည်။

နယ်စပ်မှတဆင့် သွင်းလာသော ဆိုင်ကယ်များသည် သွင်းကုန် အခွန်ပေးဆောင်ခြင်း မရှိသော ဆိုင်ကယ်များကို မှောင်ခို တိုက်ဖျက်ရေးအရ စစ်အစိုးရက လိုင်စင်မဲ့ ဆိုင်ကယ်များကို ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနအောက်တွင် မှတ်ပုံတင်ပေးခြင်းကို ၂ဝဝ၄ ခုနှစ်တွင် ရပ်ဆိုင်း ထားခဲ့သည်။

သို့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်အချို့ကို လာဘ်ငွေပေး၍ မှောင်ခို ခိုးသွင်းမှုများကတော့ ဆက်လက် တည်ရှိနေသည်မှာ လျို့ဝှက်ချက် ပင် မဟုတ်သလို ဖမ်းဆီးခံရမှုများ ရှိနေသည်။

မန္တလေးမှ ဆိုင်ကယ် ကယ်ရီသမား တဦးကလည်း “၇ လပိုင်း ၂ ရက်နေ့မှာ တနိုင်ငံလုံး ဆိုင်ကယ်လိုင်စင် ထုတ်ပေးတော့မယ်။ အဲဒါကြောင့် အဝယ် အတက်များကြတာ။” ဟု ပြောသည်။

နာဂစ်မုန်တိုင်း ရံပုံငွေအတွက် ဆိုင်ကယ်လိုင်စင်များ တရားဝင် ပြုလုပ်ပေးမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ လိုင်စင် ထုတ်ပေးသော်လည်း ဓာတ်ဆီ ရောင်းချပေးသွားမှာ မဟုတ်ဟုလည်း ပါရှိသည်။

တရုတ်နိုင်ငံလုပ် ဆိုင်ကယ် အမျိုးအစား အများအပြားအနက် မြန်မာများ အကြိုက်များသည့် Kenbo နှင့် Luojia အမျိုးအစား ဆိုင်ကယ်များမှာ ဝယ်သူများလွန်းလှသဖြင့် တန်းစီစနစ်ဖြင့်ပင် ရောင်းချနေကြရသည်။

ကြယ်ခေါင်မြို့တွင် ရောင်းချသည့် ဆိုင်ကယ်များသည်  မြန်မာနိုင်ငံအတွက် သီးသန့် ထုတ်လုပ်သည့် ဆိုင်ကယ်များဖြစ်ပြီး ပြည်တွင်းသုံး ဆိုင်ကယ်များထက် ဈေးပိုချိုကာ တရုတ်ယွမ်ငွေ ၂၅ဝဝ (ကျပ်ငွေ ၄ သိန်း ၅ သောင်းခန့်) မှ ၂၈ဝဝ (ကျပ် ၅ သိန်းကျော်) ကျော်အထိ ပေါက်ဈေး ရှိနေသည်။ 

ထိုသို့ ဖြစ်နေသလို မန်စီမြို့နယ်အတွင်း ဇွန်လအတွင်း ကယ်ရီသမားများ စီးလာသည့် ဆိုင်ကယ်အစီး ၇ဝ ကျော် ဖမ်းဆီးခံထားရပြီး ကွက်ခိုင် ဘက်တွင်လည်း ဖမ်းဆီးရေးအဖွဲ့မှ  ပစ်ခတ် ဖမ်းဆီးမှုများကြောင့် ကယ်ရီသမားတဦး သေနတ်မှန် သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့မှုများ ရှိခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved