သတင်း ပြည်တွင်းသတင်း ငါးကြောင့် ရောဂါကူးမည်မဟုတ်ဟု ဆရာဝန် ပြောကြား
ငါးကြောင့် ရောဂါကူးမည်မဟုတ်ဟု ဆရာဝန် ပြောကြား Print E-mail
ဇာနည်   
စနေနေ့၊ မေလ 24 2008 14:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ မုန်တိုင်းသင့် ရုပ်အလောင်းများ မြစ်ချောင်းများအတွင်း မျောပါနေခြင်းဖြင့် ငါးများမှတဆင့် ရောဂါ ကူးစက်ဖွယ်မရှိကြောင်း ဌာနဆိုင်ရာ ဆရာဝန်တဦးက ပြောသည်။

မုန်တိုင်းဒဏ်သင့် ရုပ်အလောင်းများ မြစ်ချောင်း၊ ပင်လယ်တွင် မျောပါနေသည်ဟူသော သတင်းစကားကြောင့် ငါးစားသုံးရမည်ကို စိုးရွံ့လာသဖြင့် ဒေသအချို့တွင် ငါးဈေးများ ထူးခြားစွာ ဈေးကျဆင်းကုန်သဖြင့် မဇ္ဈိမက မေးမြန်းကြည့်ရာတွင် ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

''စားတဲ့သူတွေက ဒီမြစ်ထဲက ငါးတွေကနေ တီဘီ၊ ၀မ်းရောဂါတို့လို ကူးစက်နိုင်တဲ့ ရောဂါတွေရမှာ ကြောက်ကြတယ်။ အဓိကကတော့ စိတ်မသန့်ကြဘူးပေါ့။ မွေးမြူရေး ငါးတွေကိုတော့ ကျနော်တို့လည်း စားနေပါတယ်။ တကယ်လို့ ရောဂါ ကူးစက်တာတွေ ရှိမယ်ဆိုရင် သက်ဆိုင်ရာက ထုတ်ပြန်မှာပေါ့" ဟု ဆရာဝန်က ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး သုတေသနဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မွေးမြူရေးငါးများကို စိတ်ချစွာ စားနိုင်ကြောင်း အရာရှိ တဦးကလည်း ပြောပြသည်။

မုန်တိုင်းပြီးသည့်နောက် ငါးများမှတဆင့် ရောဂါကူးစက်နိုင်မှုကို လည်းကောင်း၊ ငါးစားသုံးမှု တားမြစ်ခြင်း တစုံတရာကို လည်းကောင်း ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါ။

ရုပ်အလောင်းများ မြစ်ချောင်းများအတွင်း မျောပါနေသည် ဟူသည့် သတင်းကြောင့် ရန်ကုန်တိုင်းနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများမှ ရေး၊ ထားဝယ်၊ မြိတ်မြို့နယ်တို့တွင် ပင်လယ်ငါးစားသုံးမှု လျော့နဲသွားရာမှ ငါးဈေးများ ထိုးကျနေသည်။

"အမတို့က ငါးကြိုက်ပေမယ့် မုန်တိုင်းပြီးကတည်းက ဘာငါးမှကို မစားတော့တာ။ ငါးတွေက ဒီအလောင်းတွေကို စားမိကြမှာ ဆိုတော့လေ။ ၀မ်းပျက်တာတွေ၊ ၀မ်းလျှောတာတွေ ဖြစ်မှာစိုးလို့။ ပြီးတော့လေ ဘယ်လိုပြောရမလဲ စားရမှာ မသတီတော့ဘူးပေါ့" ဟု ရန်ကုန် ဒေသခံ အိမ်ရှင်မတဦးက မဇ္ဈိမကို ပြောသည်။

"အန်တီတို့က ခြေလေးချောင်းလည်း မစား၊ ကြက်သားလည်း နေ့တိုင်းစားဖို့ မဖြစ်တော့ တီလားပီးယားလို မွေးမြူရေးငါးတွေပဲ ရွေးစားနေရတယ်။ ပင်လယ်ငါးတော့ လုံးဝ မစားတော့ဘူး" ဟု အိမ်ရှင်မတဦးက ပြောသည်။

ယခင်က မွေးမြူရေးငါး တီလားပီးယားငါး တဆယ်သားလျှင် ၉၀ ကျပ်မှ ၁၂၀ ကျပ်နှုန်းရှိရာမှ ၁၈၀ ကျပ်နှင့် အထက်သို့ တက်သွားသလို၊ တဆယ်သားလျှင် ၂၄၀ ကျပ်မှ ၂၅၀ ကျပ်ရှိသော ငါးမြစ်ချင်းဈေးမှာလည်း ၅၀၀ ကျပ်အထိ ခုန်တက်သွားကာ အရွယ်တော် ပုဇွန်ဈေးမှာလည်း  ၆၀၀ ကျပ်ခန့်မှ ၁၃၀၀ ကျပ်အထိ ဖြစ်နေသည်။

အကျပ်ရိုက်သူများမှာ လက်လီ လက်ကား ငါးရောင်းချသူများဖြစ်သည်။ "အရင်ကဆို နေ့လယ်လောက်ဆို ငါးတွေက ကုန်သလောက်ပဲ။ အခုဆို ဈေးပိတ်ချိန်အထိ ငါးတွေက တော်တော် ကျန်နေသေးတာ။ တဆိုင်ဆို မထွက်တာ ၅ ရက်လောက်ရှိနေပြီ" ဟု လှည်းတန်းဈေးသူတဦးက ဆိုသည်။

ဈေးကွက်အတွင်း ပင်လယ်ငါးများ ၀င်ရောက်မှုမှာလည်း ယခင်ထက် ထက်ဝက်ခန့်ကျသွားသည်။ "ဆိုင်တဆိုင်ဆို ပင်လယ်ငါးနဲ့ မွေးမြူရေးငါးတွေပဲ ရောင်းတာ။ ရန်ကုန်တ၀ိုက်က ငါးကန်တွေ ငါးဒိုင်တွေက ယူတယ်။ မွေးမြူရေးငါးပါလို့ ပြောတာတောင် မ၀ယ်ကြဘူး။ ခါတိုင်းဆို အရမ်းရောင်းရတာ။ အခုက သုံးပုံတပုံလောက် ရောင်းအားကျတယ်လို့ ညည်းနေတယ်" ဟု ပုဇွန်တောင်ဈေးသားတဦးက ပြောသည်။
ငါးစိမ်း ဈေးကွက်သာမက ငါးကို အဓိကထား၍ ချက်ရသော မြန်မာ့ရိုးရာ မုန့်ဟင်းခါးဆိုင်များလည်း အရောင်းကျဆင်းသွားသည်။ အမဲ၊ ၀က်နှင့် ကြက်တို့ကို ပိုမိုစားသုံးလာကြပြီး အစားရှောင်သူအချို့ကတော့ ကန်များဖြင့် မွေးသော မွေးမြူရေးငါးများကို စိစစ်စာသုံးနေကြ၍ မွေးမြူရေးငါးနှင့် ပုဇွန်ဈေးက မုန်တိုင်း မတိုက်မီကထက်စာလျှင် နှစ်ဆကျော်အထိ တက်သွားသည်။ ထို့အပြင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှ ငါးလုပ်ငန်းသုံး စက်လှေများ ပျက်စီးမှု များပြားခဲ့၍ သယ်ယူခများ တက်လာသည်ကလည်း အကြောင်းအချက်တခု ဖြစ်သည်။

ရန်ကုန်သို့ အများဆုံးတင်ပို့သော တွံ့တေးဖက်မှ မွေးမြူရေး ငါးကန်၊ ရေချိုပုဇွန်ကန်များမှာ ပျက်စီးခြင်းမရှိဘဲ ပုံမှန်အတိုင်း ရောင်းချနေသော်လည်း စားသုံးသူ နည်းနေဆဲ ဖြစ်သည်။ "ကျနော်တို့ဘက်က ပုဇွန်ကန်တွေလည့်း ဘာမှမဖြစ်ပါဘူး။ ကန်ကတော့ ဖော်တော့မယ်။ ဒါပေမဲ့ ဈေးကွက်အတွက်တော့ စိတ်ပူနေရတာပေါ့" ဟု ပုသိမ်မှ ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေး၊ မကွေး၊ တောင်ကြီးကဲ့သို့သော ဒေသများတွင်မူ ငါးဈေးမှာ ပုံမှန်အတိုင်း ရောင်းဝယ် ဖောက်ကားလျက် ရှိသည်။ မြစ်ချောင်းများ အတွင်းမှ ရသော စားသုံးသူများသည့် ငါးများမှာ ငါးခူ၊ ငါးကျည်း၊ ငါးရံ့ ကဲ့သို့သော ငါးများဖြစ်ပြီး ရေငံတိုး ရေချိုမြစ်တွင်းငါးမှာ ငါးသလောက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အများဆုံးစားသုံးသော ရေချိုငါးမှာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဒန်၊ တီလားပီယား၊ ငါးဖယ် တို့ ဖြစ်ပြီး ပင်လယ်ငါးမှာ ကတ်သပေါင်း၊ ငါးရွှေ၊ ပြည်ကြီးငါး၊ ငါးဗျက်၊ ငါးပုတ်သင် စသည်တို့ ဖြစ်ကြသည်။

ငါးဈေးကွက် ပုံမှန်ပြန်ဖြစ်လာရန်မှာ ၃ လ ခန့် အနည်းဆုံး ကြာလိမ့်မည်၊ ပြည်ပ ငါးပို့မှုကိုလည်း ထိခိုက်နိုင်သည်ဟု ပြည်တွင်းမှ စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved