သတင်း ပြည်တွင်းသတင်း မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား
မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မေလ 23 2008 23:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ မုန်တိုင်ဒဏ်သင့် ကျေးရွာများနှင့် မြစ်ချောင်းတလျှောက် ၃ ပတ်ခန့် ကြာမြင့်သည်အထိ ရှင်းလင်းသူမဲ့ ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည်။

ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့အနီးရှိ ကျေးရွာများတွင်  ပြန့်နှံ့နေသည့် လေဘေးသင့် ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေကြောင်း ယင်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသူများက ပြောဆိုကြသည်။

“ဖျာပုံ တဖက်ကမ်း ဒေးဒရဲမြို့နယ်အတွင်းမှာ၊ ဖျာပုံ မြစ်ဝ ကမ်းရိုးတမ်းတလျှောက် ကျေးရွာ တော်တော်များများမှာ လူသေ အလောင်းတွေကို ရှင်းလင်းသူမရှိလို့ ပုပ်တဲ့ အနံ့အသက်တွေ ရှိနေတယ်” ဟု ဖျာပုံဒေသ လေဘေး ကယ်ဆယ်ရေး လုပ်နေသူ ရန်ကုန်သားတဦးက ပြောသည်။

ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်း၊ မှော်ဘီ၊ အချာကြီး၊ အချာလေး၊ လိပ်တလန်ချောင်း၊ စွယ်တော်ကုန်း၊ လေးအိမ်တန်း၊ ဆိတ်လေးကုန်၊ တံတားကြောင်း၊ မြစိမ်းငယ်နှင့် ကွမ်းမှုံကျေးရွာ တလျှောက်တွင်လည်း  အလောင်းများ တွေ့ရဆဲ ဖြစ်သည်။

 “ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ သူတွေဆိုရင် စာရင်းတောင် မရှိတော့ဘူး။ အကုန်လုံး သေကုန်ကြတယ်။ အဲဒီဒေသမှာဆိုရင် အပုပ်နံ့တွေက အရမ်းကို နံနေတာ” ဟု သူက ဆက်ပြောသည်။

ဟိုင်းကြီးကျွန်း အနီးရှိ ပြင်ခရိုင် ချောင်းဝအုပ်စု၊ ကန်ဆိပ်၊ စက်ဆိပ်၊ ပြင်းဆိပ်နှင့် ဆားကုန်ကျေးရွာများတွင်လည်း အနံ့အသက်များ မကောင်းပုံကို ကယ်ဆယ်ရေး လုပ်ငန်း လုပ်နေသူ တဦးက ပြောသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved