သတင်း ပြည်တွင်းသတင်း သတင်းထောက် ၉ ဦး စစ်ဆေးခံရ ပြီးပြန်လည်လွတ်မြောက်
သတင်းထောက် ၉ ဦး စစ်ဆေးခံရ ပြီးပြန်လည်လွတ်မြောက် Print E-mail
နန်းဒေ၀ီ   
သောကြာနေ့၊ မေလ 23 2008 13:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ဧရာဝတီတိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အပြီး သတင်းသွားရောက်ယူနေသော မြန်မာသတင်းထောက် ၉ ဦးအား  အာဏာပိုင်များက စစ်ဆေး မေးမြန်းပြီး တနင်္ဂနွေနေ့တွင်   ပြန်လည်လွှတ်ပေးလိုက်သည်။ 

ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် ၄ ခုမှ သတင်းထောက်များအား ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် လှိုင်ဘုံကြီးရွာတွင် ဒေသခံအာဏာပိုင်များ က စနေနေ့ညတွင် ဖမ်းဆီးခဲ့သည်။

'သူတို့ရောက်ပြီးမကြာဘူး အာဏာပိုင်တွေက သူတို့တည်းနေတဲ့အိမ်က ခေါ်သွားတာပါ၊ ဟိုတယ်က မဟုတ်ပါဘူး၊ ခဏစစ်ဆေးမေးမြန်းပြီးတော့ ဒီရွာကိုနောက်တခါ မလာတော့ပါဘူးလို့ ခံဝန်ချက်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်' ဟု အမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ကြိုတင်အကြောင်းမကြားပဲ လာရောက်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

'အာဏာပိုင်တွေက သူတို့ဘယ်သူတွေလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်အဖွဲ့အစည်းကလဲလို့မေးပြီး တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးလိုက်တယ်' ဟု အယ်ဒီတာမှ ထပ်ပြောသည်။

'သူတို့စနေနေ့ညနေ ရောက်တယ်၊ စစ်တပ်က ညတွင်းချင်းပဲ သူတို့ကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းပြီး တနင်္ဂနွေမနက် ပြန်ဖို့ပြောတယ်' ဟု အယ်ဒီတာ က ဆိုသည်။

ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် သတင်းယူနေသော ပြည်တွင်းသတင်းထောက်များအပေါ် ကန့်သတ်ချက်များ ပြုလုပ်နေသော အစိုးရအား သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်သော မြန်မာသတင်းသမဂ္ဂက ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချလိုက်သည်၊ 

'ဒီဆိုင်ကလုန်းကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အမျိုးမျိုး ချုပ်ချယ်နေတာဟာ အဖြစ်မှန်ကို ဖုံးထားချင်လို့ပဲ၊ ဒါဟာ သဘာဝမကျဘူး' ဟု မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

'သတင်းထောက်တွေကို မလိုအပ်ပဲချုပ်ချယ်နေမဲ့အစား သတင်းစာရှင်းလင်းပွဲတို့ ဒုက္ခသည်တွေရဲ့အခြေအနေအမှန်တွေ၊ ကျေးရွာတွေမှာ ကယ်ဆယ်ရေးအကူအညီတွေ လိုသလောက်မရောက်သေးတဲ့ အကြောင်းတို့ကို အစိုးရက ထုတ်ပြန်ကြေညာသင့်တယ်' ဟု သူက ဆက်ပြောသည်။

ဆိုင်ကလုန်းကြောင့် ပျက်စီးသွားသည့်နေရာများသို့ နိုင်ငံတကာမှ အကူအညီများပေးပို့ခြင်းကို လက်ခံမည်ဟု မြန်မာစစ်အစိုးရက မေလ ၉ ရက်နေ့တွင် ကြေညာခဲ့သော်လည်း နိုင်ငံခြားသားများနှင့် ခွင့်ပြုချက်မပြနိုင်သူများအားရန်ကုန်နှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ်က ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများအား မည်သူမျှကင်မရာ မယူဆောင်သွားကြရန် ပြောသည်ဟု သိရှိရသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved