သတင်း ပြည်တွင်းသတင်း အမှန်ပါရှိပြီးသား မဲပေးကဒ်များ ရန်ကုန်မြို့နယ်အချို့တွင် အိမ်တိုင်ရာရောက် လိုက်လံဝေနေ
အမှန်ပါရှိပြီးသား မဲပေးကဒ်များ ရန်ကုန်မြို့နယ်အချို့တွင် အိမ်တိုင်ရာရောက် လိုက်လံဝေနေ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မေလ 23 2008 12:29 - မြန်မာစံတော်ချိန်

ရန်ကုန်။    ။ ထောက်ခံမဲအသင့်ပါရှိပြီးသား ဆန္ဒမဲလက်မှတ်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှမှုများပြုလုပ်ကာ မြန်မာစစ်အစိုးရက လက်ကျန်  ဆန္ဒခံယူပွဲများတွင် ထောက်ခံမဲအများစုရအောင် ကြိုးစားနေပြန်သည်။

ရန်ကုန်မြို့နယ်များတွင် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးဝန်ထမ်းများက မျက်နှာစာတွင် ပုံနှိပ်ထားသော အမှန်ခြစ်ပါရှိပြီး နောက်ကျောဘက်တွင် မဲထည့်သူ၏ အမည်၊ နေရပ်လိပ်စာတို့ တပါတည်းပါရှိသော မဲလက်မှတ်များကို နေအိမ်များသို့ ယမန်နေ့ညနေမှစ၍ ဝေငှ လျှက်ရှိသည်။

မဲပေးလိုသူသည် မှတ်ပုံတင်ပါ ယူဆောင်လာပြီး ရပ်ကွက် ရယကရုံးများတွင် မတ် ၂၃ နှင့် ၂၄ ရက်များတွင် လာရောက်မဲပေးနိုင်သည်ဟု မဲဝေငှ သူများက ပြောကြားသွားသည်။

" အမှန်ခြစ်က ပုံနှိပ်ထားတာဗျ၊ ဘယ်လောက်ဖျက်ဖျက် မပျက်ဘူး" ဟု မဲလက်မှတ်ရရှိ ထားပြီးဖြစ်သူ တဦးက ပြောသည်။

သို့သော် ယခုကဒ်ပြားများကိုပင် မဲအဖြစ်အသုံးပြုမှာလား သို့မဟုတ် မဲထည့်ခွင့်ရအသိ အမှတ်ပြုကဒ်ပြားလားဆိုသည်ကို အာဏာပိုင်များက လျို့ဝှက်ထားဆဲဖြစ်သည်။

မေ ၂၁ ရက်နေ့ကမူ မဲပေးခွင့်ရရှိသူများကို သက်ဆိုင်ရာမြို့နယ်မှပြင်ပသို့ ခရီးသွားရောက်ခြင်း ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာမြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်းမြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့်လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိ သည်။

အကြီးအကျယ်ဝေဖန်မှုများ ရှိနေခဲ့သော်လည်း မုန်တိုင်းဒဏ် ဆိုးရွားစွာခံနေရသော ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်းမှ ၄၀ မြို့နယ်များတွင် စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူမှုများ မနက်ဖြန်တွင် ကျင်းပမှာဖြစ်သည်။ ကျန်ဒေသများ ကိုတော့ မေ ၁၀ ရက်နေ့က ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ပြီး ထောက်ခံသူ ၉၂. ၄ ရာခိုင်နှုန်းရှိသည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ အကွက်ဆင် မဲရအောင်လုပ်မှုနှင့် မဲလိမ်မှုသတင်းများ လည်း နိုင်ငံတ၀ှမ်း ပေါ်ထွက်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူတသိန်းကျော်သေဆုံးပြီး လူ ၂ သန်းခွဲ အထိ မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခိုက်ခဲ့ သောနာဂစ်မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုရှိသည်ဟု ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အစိုးရ၏ ဆန္ဒခံယူပွဲရလာဒ်များကို အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ချထားသည်။

မေ ၁ဝ ရက် လူထုဆန္ဒခံယူပွဲမှ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရပြီးဖြစ်သောကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့မှ ၅ သန်းကျော်သော ပြည်သူများ အားလုံးက ကန့်ကွက်သော်လည်း အခြေခံဥပဒေမှာ အတည်ပြုနိုင်မှာ ဖြစ်သည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved