သတင်း ပြည်တွင်းသတင်း စစ်အစိုးရ၏ လှည့်စားမှုကို ကုလအကြီးအကဲ ခံရမှာ စိုးရိမ်နေကြ
စစ်အစိုးရ၏ လှည့်စားမှုကို ကုလအကြီးအကဲ ခံရမှာ စိုးရိမ်နေကြ Print E-mail
ဆော်လမွန်   
သောကြာနေ့၊ မေလ 23 2008 12:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်အပေါ် အကြီးအကျယ် မျှော်လင့်ထားကြ သော်လည်း စစ်အစိုးရက ဟန်ဆောင်တင်ဆက်ထားသည့် နေရာများကိုအလည်ခေါ်ပြသပြီး လှည်စားခြင်းကိုခံရမည့်အရေး ဒေသခံကယ်ဆယ် ရေး လုပ်သားများက စိုးရိမ်နေကြသည်။ 

လမ်းများပေါ်သို့ထွက်ကာ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်မည်ကို စောင့်မျှော်နေကြရရှာသည့် လေဘေးဒုက္ခသည်များကို ကမ္ဘာ့အဖွဲ့ အစည်း ကြီး၏ အကြီးအကဲခရီးစဉ်အတွက် ပြင်ဆင်သည့်အနေနှင့် အာဏာပိုင်များက ယခုအခါ လိုက်လံမောင်းထုတ်လျက် ရှိသည်ဟုဆိုသည်။ 

မစ္စတာဘန်ကီမွန်းသည် ကြာသပတေးနေ့က ရန်ကုန်သို့ရောက်ရှိလာကာ မြန်မာဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တို့နှင့်တွေ့ဆုံအပြီး၊ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ထွက်ခွါသွားခဲ့သည်။ 

ကုလအကြီးအကဲအနေဖြင့် အမှန်ရောက်သင့်သောနေရာများသို့ရောက်ပြီး အမှန်တကယ်တွေ့ဆုံရမည့်သူများနှင့် တွေ့ခွင့်မရခဲ့လျှင် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအကြောင်း တလွဲနားလည်ကာ တလွဲသဘောပေါက်သွားမည့်အရေး မိမိတို့စိုးရိမ်ပူပန်မိသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားများက ပြောဆိုကြပါသည်။ 

"သူ့ (ကုလအကြီးအကဲ) မြန်မာပြည်ခရီးစဉ်အတွင်း ဖြစ်ထွန်းတိုးတက်မှုတခုခု ရှိလာလိမ့်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရပြ တာဘဲ ကြည့်ရမယ်ဆိုရင်တော့ သူ့ခရီးစဉ်ကအောင်မြင်မှာ မဟုတ်ဘူး" ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးပစ္စည်းများ ဝေငှ ဖြန့်ဖြူးပေးနေသော ဒေသခံအကူအညီပေးရေး လုပ်သားတဦးက ပြောဆိုသွားပါသည်။ 

ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အဆိုးဝါးအပြင်းထန်ဆုံးခံခဲ့ရသည့် ဝေးလံခေါင်ဖျားသော ဒေသများရှိ သောင်းနှင့်ချီသော ဒုက္ခသည်အများအပြား သည် ယခုထက်တိုင် မည်သည့်အထောက်အပံ့မျှ မရသေးဘဲ ယခုအခါ ငတ်မွတ်ခေါင်းပါးခြင်း၊ ဘေးရောဂါဘယများ ဖြစ်ပွါးသည့်ဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါ အကူအညီပေးရေးလုပ်သားက ပြောသွားပါသည်။ 

"လူသူ အရောက်အပေါက်နည်းတဲ့ဒေသတွေမှာ မုန်တိုင်းကအသက်မသေ လွတ်မြောက်လာခဲ့သူတွေအတွက် ဘာအထောက်အပံ့မှ မရသေးတာ ကို ကျနော့်မျက်စိနဲ့ ကိုယ်တိုင်တွေ့ခဲ့ရတာပါ။ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် ကလေးငယ်အများအပြား ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်" ဟု သူက ပြောသွားပါသည်။ 

စစ်အစိုးရခေါ်သွားသည့် နေရာများသို့သာမဟုတ်ဘဲ ဤရင်နင့်ဖွယ် အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျတွေ့ရှိမှသာ ကုလအကြီးအကဲ အနေဖြင့် အခြေအနေမှန်ကို အကဲဖြတ်နိုင်လိမ့်မည်ဟု ယင်းအကူအညီပေးရေးလုပ်သားက ဆက်လက်ပြောဆိုပါသည်။ 

"စစ်အစိုးရခေါ်သွားတဲ့ နေရာတွေလောက်သာ သွားပြီးကြည့်ခွင့်ရမယ်ဆိုရင် သူ့အနေနဲ့အခြေအနေမှန်ကို ခန့်မှန်းသိရှိနိုင်ဘို့ဆိုတာ မဖြစ်နိုင်ပါ ဘူး" ဟု  ရန်ကုန်ဆင်ခြေဖုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောဆိုသွားပါသည်။

မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် ရန်ကုန်တိုင်းကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့သွားလမ်းတ လျှောက်တွင် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာမည်ကို ငံ့လင့်စောင့်စားနေကြရရှာသည့် လေဘေးဒုက္ခသည်များကို ယခုအခါအာဏာပိုင် များက လိုက်လံမောင်းထုတ်လျက် ရှိသည်ဟု ဆိုသည်။ 

အနည်းအကျဉ်းသာ မော်တော်ကားလမ်းဖြင့် သူတို့ဒေသသို့ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို ရရှိရန်အတွက် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များသည် ကားလမ်းတလျှောက်ရပ်ကာ စောင့်မျှော်ကြရသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများက ဆိုပါသည်။ 

ဒုက္ခသည်စခန်းများကို ပြန်လည်တည်ဆောက်ပြင်ဆင်နေကာ ဆိုင်ကလုံးမုန်တိုင်းဒုက္ခသည်အများအပြားကို ယင်းတို့ခိုလှုံနေရာဘုန်းကြီးကျောင်း များမှ မောင်းထုတ်လျက်ရှိသည်ဟု လပွတ္တာမြို့မှ ဒေသခံများက ပြောပါသည်။ 

ထိုအတောအတွင်း မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရအရာရှိကြီးများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံအပြီး မုန်တိုင်းအပျက်အစီးများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာအကဲခတ်နိုင်ရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ထွက်ခွါသွားခဲ့သည်ဟု သိရသည်။ 

မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန် မစ္စတာဘန်ကီမွန်းသည် နေပြည်တော်သို့ သောကြာနေ့တွင် သွားရောက် မည် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် အကူအညီပေးရေး ကွန်ဖရင့်တွင်လည်း သူသည် သဘာပတိအဖြစ် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ 
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved