|
မေ ၂၄ ဆန္ဒခံယူပွဲအတွက် ကြိုတင်မဲကောက်နေ |
|
|
|
မောင်ဒီး၊ ဂျုံမန်း
|
|
သောကြာနေ့၊ မေလ 23 2008 09:45 - မြန်မာစံတော်ချိန် |
|
နယူးဒေလီ။ ။ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် အနိုင်ရပြီးဖြစ်နေသည့် နအဖအာဏာပိုင်များက မေလ ၂၄ ရက်နေ့ လူထုဆန္ဒခံယူပွဲတွင်လည်း ထောက်ခံမဲများများရစေရန် ရန်ကုန်တိုင်းအတွင်း၌ ကြိုတင်မဲ ကောက်ခံမှုများ လုပ်ဆောင်နေသည်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းနှင့် သုဝဏ္ဏမြို့နယ်များတွင် ဒေသအာဏာပိုင်များက တအိမ်တက်တအိမ်ဆင်း ထောက်ခံမဲရရှိရေး လုပ်ဆောင်နေ သည်ဟု ဒေသခံများအဆိုအရ သိရသည်။
“ရယကလူကြီးတွေက အိမ်ထိကို ပေါက်ချလာပြီး မဲရုံကို သွားနေစရာ မလိုပါဘူး၊ ဒီမှာပဲ အမှန်ခြစ်ပါ ဆိုပြီး လာပြောတယ်” ဟု သုဝဏ္ဏ၌ နေထိုင် သူတဦးက ပြောသည်။
အင်းစိန်နှင့် လှိုင်သာယာမြို့နယ်များ၌လည်း ရယက ဥက္ကဋ္ဌနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တို့က တအိမ်တဆင်း လာရောက်သလို၊ ဒုက္ခသည် စခန်းမှ ဒုက္ခသည်များထံမှ ကြိုတင်မဲကောက်ခံနေရာ စားဝတ်နေရေးထက် ဘာမှစိတ်မဝင်စားနိုင်ဟု ဒုက္ခသည်များက ပြောနေကြသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းတို့တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များက ကြိုတင်မဲ ထည့်နိုင်သည်ဟု လာရောက်ကောက် ခံရာ စားဝတ်နေရေးအတွက် ခေါင်းခြောက်နေရသည့် လေဘေးဒုက္ခသည်များက ဆဲဆိုမောင်းထုတ်ရသည်အထိ ဖြစ်ခဲ့သည်ဟု ဒေသတွင်းသ တင်းများအရ သိရသည်။
ဝန်ကြီးဦးအောင်သောင်း၏ စက်မှု ၁ ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများမှ အလုပ်သမားများ၏ မိသားစုများမှာလည်း ကြိုတင်မဲပေးနေရပြီး စက်ရုံအလုပ်သမားများမှာ စက်ရုံခေါင်းဆောင်များ၏ ရှေ့မှောက်၌ မဲပေးရသည်ဟု အလုပ်သမားတဦးက ပြောသည်။။
“မဲပုံးတွေလည်း မထားဘူး။ ကျနော်တို့က စက်ရုံခေါင်းဆောင်တွေရဲ့ ရှေ့မှာ မဲထည့်ရတာဆိုတော့ ကြက်ခြေခတ်ချင်ရင်တောင် ဘယ်လိုကြက်ခြေ ခတ်ရဲတော့မှာလဲ” ဟု စက်ရုံအလုပ်သမားက ပြောသည်။
နာဂစ်မုန်တိုင်းဒဏ်ထိ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄ဝ နှင့် ဧရာဝတီတိုင်းရှိ ၇ မြို့နယ်တို့ကို ချန်လှပ်ကာ စစ်အစိုးရက လူထုဆန္ဒခံယူပွဲကို ကျန်တိုင်းနှင့် ပြည်နယ်များတွင် မေလ ၁ဝ ရက်နေ့က ကျင်းပခဲ့ရာ ထောက်ခံမဲ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု စစ်အစိုးရ ပြောဆိုခဲ့သည်။
မေ ၁ဝ ရက် လူထုဆန္ဒခံယူပွဲမှ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရပြီးဖြစ်သောကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့မှ ၅ သန်းကျော်သော ပြည်သူ များ အားလုံးက ကန့်ကွက်လည်း နအဖနိုင်နေပြီး ဖြစ်သောကြောင့် မေ ၂၄ ရက်နေ့တွင် ကျင်းပနေခြင်းထက် လေဘေးကယ်ဆယ်ရေးကိုသာ ဇောက်ချလုပ်သင့်ပြီဟု ရန်ကုန်မှ အနုပညာရှင်တဦးက ပြောဆိုလိုက်သည်။
|
 Contact: mizzima.news@gmail.com
|
သူတို့စကား
"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" ဦးဝင်းတင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်
|