သတင်း ပြည်တွင်းသတင်း ရန်ကုန်ရှိ ဒုက္ခသည်များကို အာဏာပိုင်များက နေရာရွှေ့ပြောင်းခိုင်း
ရန်ကုန်ရှိ ဒုက္ခသည်များကို အာဏာပိုင်များက နေရာရွှေ့ပြောင်းခိုင်း Print E-mail
ဝိုင်းပီး   
သောကြာနေ့၊ မေလ 23 2008 09:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ရန်ကုန်တိုင်းအတွင်းရှိ တံတွေး-ဘိုကလေး အဝေးပြေးလမ်းမပေါ်တွင် ကူညီမည့်သူများကို စောင့်မျှော်နေသည့် လေဘေးဒုက္ခ သည်များကို ဒေသအာဏာပိုင်များက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မောင်းထုတ်နေသည်။

ကယ်ဆယ်ရေး အကူအညီများကို စောင့်မျှော်နေကြသည့် တံတွေး၊ ကော့မှူး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးစသည့်ရပ်ရွာများမှ အုပ်စုလိုက်၊ အဖွဲ့လိုက် ရှိသည့် ဒုက္ခသည် ၁ သောင်းနီးပါးကို ရပ်ကွက်အာဏာပိုင်များနှင့် ကြံ့ဖွံ့များမှ မောင်းထုတ်နေခြင်း ဖြစ်သည်။

"လူကြီးလာမယ်။ လမ်းမမှာ မနေရဘူးတဲ့" ဟု ရန်ကုန်မြို့ဒေသခံတဦး အဆိုအရ သိရသည်။ 

ရန်ကုန်မြို့အစွန် ကွမ်းခြံကုန်းဆင်ခြေဖုံးရွာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင်မနေဘဲ ရပ်ကွက်လမ်းမတွင် ဒုက္ခသည်များပြန့်ကျဲ နေရာ ဒေသအာဏာပိုင်များက နေရင်းစခန်းသို့ ပြန်ပို့နေသည်။ 

တောင်ဒဂုံမှ ဒုက္ခသည်များကိုလည်း ၁၇ ရပ်ကွက်အနီးရှိ သတ်မှတ်ထားသည့် ယာယီစခန်းများတွင်သာ သွားရောက်နေထိုင်ခိုင်းပြီး လက်ရှိနေ ထိုင်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ဆက်လက်နေထိုင်ခွင့် မပြုဘဲ ရှင်းလင်းနေသည်။

ဒုက္ခသည်များအတွက် အာဏာပိုင်များ ဆောက်လုပ်ပေးထားသည့် ယာယီစခန်းများတွင် အစားအသောက် ကူညီမည့်သူများအနေနှင့် ဝေးလံ၍ မလာရောက်နိုင်သောကြောင့် လမ်းမပေါ်ထွက်ကာ ကူညီမည့်သူများကို ယခုလို စောင့်မျှော်နေရခြင်းဖြစ်သည်။

"ယာယီစခန်းက အရမ်းဝေးတယ်။ အစားအသောက်တွေ ကူညီမယ့်လူတွေ မလာဘူး။ အဲဒါကြောင့် ဒုက္ခသည်တွေက မသွားချင်ကြတာပါ" ဟု တောင်ဒဂုံဒေသခံက ပြောသည်။

ယခုလို ဖြစ်ရပ်သည် ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရောက်ရှိလာခြင်းနှင့်လည်း ပတ်သက်နိုင်သည်ဟု သူက သုံးသပ် သည်။  

"ဘန်ကီမွန်းလာလို့ ပြန့်နေတဲ့လူတွေကို စုစည်းတာပေါ့။ နောက် သူတို့ အိမ်ရှိခဲ့တဲ့ နေရာတွေ ပြန်ခိုင်းတာတွေလည်း ရှိတယ်။ အိမ်မရှိတော့လို့ လည်း နီးစပ်တဲ့ နေရာတွေမှာ နေကြပါဆိုပြီး ဘုန်းကြီးကျောင်းတွေကလည်း မောင်းထုတ်တာ။ ဒုက္ခသည်နည်းအောင် ပြချင်တဲ့ သဘောပေါ့" ဟု သူက ပြောသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved