သတင်း ပြည်တွင်းသတင်း အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး
အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 22 2008 16:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ မြန်မာ စစ်အစိုးရသည် အတိုက်အခံ အင်အားစုကို ကစဥ့်ကလျားဖြစ်အောင် ကြိုးစားသည့် အနေနှင့် တိုင်းပြည်၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ခေါင်းဆောင် ၁၃ ဦးကို ယနေ့ ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်သည်ဟု အကြီးတန်း ပါတီဝင်တဦးက ပြောဆိုလိုက်ပါသည်။ 

အဆိုပါ အရေးပါသည့် ဒီချုပ်လူငယ် ခေါင်းဆောင်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ရန်ကုန် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့က ကြာသပတေးနေ့ နံနက်စောစောတွင် ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ် အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သော ဦးအောင်သိန်းက မဇ္ဈိမကို ပြောကြားသွားပါသည်။ 

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သူတို့ နေအိမ်သို့ လာရောက်၍ မဥမ္မာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုလိုက်ပါသည်။ 

“သူတို့ပြောတော့ ပြောစရာရှိလို့ပါ ဆိုပြီးခေါ်သွားတာဘဲ။ ဖမ်းတာ မဟုတ်ပါဘူးလို့တော့ ပြောတယ်၊ ဒါပေမဲ့ ခုထိပြန် မလာသေးဘူး” ဟု မဥမ္မာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောဆို သွားပါသည်။ 

အဆိုပါ ရဲအရာရှိများ စီးလာသည့် ဟိုင်းလပ်ကားပေါ်တွင် အခြား ဒီချုပ်လူငယ် ခေါင်းဆောင်များ ဖြစ်ကြသော မပပ၊ မချို၊ ကိုလေးလွင် တို့ကို တွေ့လိုက်ရသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ မိသားစုဝင်က ပြောသွားပါသည်။ 

ထွန်းဇော်ဇော်၊ ခင်ထွန်း၊ ဥမ္မာ၊ မပပ၊ မချို နှင့် ကိုပေါက်တို့ အပါအဝင် ဒီချုပ် လူငယ်ခေါင်းဆောင်များသည် ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တက်တက်ကြွကြွ ရှေ့ဆောင်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ယခုအခါ ဒေးဒရဲမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ဘို့ စီစဉ်နေကြဆဲ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်ဟု မဥမ္မာ၏ မိသားစုဝင်တဦးက ပြောသွားခဲ့ပါသည်။ 

“ကျနော်တို့ အရမ်းဘဲ စိုးရိမ်တာပါဘဲ၊ သူ့အမေဆိုရင် စားတောင် မစားနိုင်ဘူး” ဟု မဥမ္မာ၏ မိသားစုဝင်က ဆက်လက် ပြောဆိုသွားပါသည်။ 

ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မပပ၊ မချို နှင့်ကိုပေါက်တို့အပါအဝင် ဒီချုပ်လူငယ် ခေါင်းဆောင်များသည် မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ စစ်အစိုးရ၏ မသမာမှုများကို ဖေါ်ထုတ် ဖွင့်ချရန်လည်း  တက်တက်ကြွကြွ လုပ်ဆောင်နေကြသူများ ဖြစ်သည်။ 

ဒီချုပ် လူငယ်ခေါင်းဆောင်များကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ယနေ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်နှင့် ဆက်စပ်နေဘွယ် ရှိသည်ဟု ဦးအောင်သိန်းက ပြောပါသည်။ 

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အမြင့်ဆုံး ခေါင်းဆောင်ကြီးသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေးအတွက် မြန်မာစစ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းရန် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီလူတွေက ဒီချုပ်ရဲ့ အဓိက လူငယ် ခေါင်းဆောင်တွေဗျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ဘယ်လို လိမ်လည်ရယူသွားတယ် ဆိုတာ ဖေါ်ထုတ်ဘို့ လျှို့ဝှက် လုပ်ဆောင်နေကြသူတွေလဲ ဖြစ်ပါတယ်” ဟု ဒီချုပ် လူငယ်တဦးက ပြောဆို သွားပါသည်။ 

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာ မေလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းပုံ ဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်နေ့ အထိ စစ်အစိုးရက ရွှေ့ဆိုင်းထားခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved