|
မိဘမဲ့ ကလေးများ လူကုန်ကူးခံရမှု အန္တရာယ်ရှိနေဟု လူ့အခွင့်အရေးအဖွဲ့ သတိပေး |
|
|
|
မောင်ဒီး
|
|
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:32 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ မုန်တိုင်းဒဏ်ထိ ဒေသများတွင် မိဘမဲ့ကလေးငယ်များ လူကုန်ကူး ရောင်းဝယ်ခံရမှု အန္တရာယ် ကြုံရနိုင်သည်ဟု လူ့အခွင့်အရေး အဖွဲ့က သတိပေးပြောဆိုလိုက်သည်။
မိဘများ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားသဖြင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များမှာ လမ်းပေါ်တွင် ကယ်သူရှာနေချိန် အမြတ်ထုတ်လိုသူ ကလေး ကူးသန်းရောင်းဝယ်သူများ၏ သွေးဆောင် ဖျားယောင်းမှု အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု HREIB ခေါ် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကလေးကို မွေးစားမယ်ဆိုပြီး တခြား ခေါ်သွားတဲ့လူတွေမှာ တချို့က စေတနာနဲ့ ဖြစ်သလို ကူးသန်းရောင်းချဖို့ ခေါ်သွားတဲ့ အမှု ၂ ခုလောက်လည်း တွေ့နေရတာမို့ ကျနော်တို့ စိုးရိမ်ပူပန်စရာအကြောင်း ဖြစ်နေတယ်” ဟု HREIB ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
ကွမ်းခြံကုန်းနှင့် ဒေးဒရဲတို့၌ အလှူရှင်ကားများ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် အစာတောင်းနေသည့် ကလေးငယ်များမှာ ကူညီသူများကိုသာ မျှော်လင့်နေကြရသည်။
“တချို့ အသက် ၁၄၊ ၁၅ အရွယ် မိန်းကလေးတွေဆိုလည်း ထမင်းအဝ စားရမယ့်၊ နေထိုင်စရာရှိတဲ့ ရန်ကုန်က ကာရာအိုကေ ဆိုင်တွေမှာ လုပ်ခိုင်းဖို့ ခေါ်သွားမယ့်လူရှိရင် အေးဆေး လိုက်သွားမယ့် အလားအလာ များနေတာ တွေ့နေရတယ်။ ဒီဒေသတွေမှာ ကလေး ကူးသန်းရောင်းဝယ်မှု ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေတယ်။ မုန်တိုင်းကြီးက ဒီလမ်းကို ဖွင့်ပေးလိုက်သလိုပဲ” ရန်ကုန်မြို့မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့ တဝိုက်မှ ကလေးငယ် ၃ဝဝ ခန့်ကိုလည်း ဒေသ အခြေစိုက်တပ်ဟု ယူဆရသည့် စစ်တပ်က ကျွေးမွေးမည်ဆိုကာ ခေါ်ဆောင်သွားသည့် သတင်း ရရှိထားသည်ဟုလည်း ထိုင်းနိုင်ငံ အခြေစိုက် Social Actions for Women အဖွဲ့မှ ဒေါ်အေးမာက မဇ္ဈိမကို ပြောသည်။
အမေရိကန်အစိုးရ၏ ၂ဝဝ၇ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံကို နိုင်ငံတကာ လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဥပဒေကို လိုက်လျှောက်ခြင်း မရှိသည့် နိုင်ငံစာရင်း အမှတ် ၃ တွင် ထည့်သွင်းထားသည်။
ကလေး ကူးသန်းရောင်းဝယ်မှုကို တားဆီး ကာကွယ်ရန်အတွက် သိကျွမ်းသူ လူပုဂ္ဂိုလ် သို့မဟုတ် ကလေးများကို သွေးဆောင် ဖျားယောင်းမှုနောက် ပါမသွားစေရန် ပညာပေးနိုင်သော အဖွဲ့အစည်းများကို မုန်တိုင်းဒဏ်ထိ ဒေသများသို့ ပို့ဆောင် ထားရှိခြင်းအပြင် ဒေသခံ လူထုကိုလည်း ကလေး ကူးသန်းရောင်းဝယ်မှု ကာကွယ်ရေး ပညာပေးခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီဟု ဦးအောင်မျိုးမင်းက ပြောသည်။
|