သတင်း ပြည်တွင်းသတင်း ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ်
ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ် Print E-mail
ဇာနည်   
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:23 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။

“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့  မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။

စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။

ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင်  ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။

မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved