သတင်း ပြည်တွင်းသတင်း ကယ်ဆယ်ရေးတွင် လူမျိုးရေးခွဲခြားမှုရှိနေဟု တိုင်းရင်းသားလူငယ်အဖွဲ့ စွပ်စွဲ
ကယ်ဆယ်ရေးတွင် လူမျိုးရေးခွဲခြားမှုရှိနေဟု တိုင်းရင်းသားလူငယ်အဖွဲ့ စွပ်စွဲ Print E-mail
ဖနိဒါ   
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 16:41 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားဖူးသည့်စစ်ပွဲကြောင့် လေဘေးကယ်ဆယ်ရေးလုပ်ရာတွင် အစိုးရအနေဖြင့် စနစ်တကျ ခွဲခြားလုပ်ကိုင် နေသည်ဟု တိုင်းရင်းသားလူငယ်များက  စွပ်စွဲပြောဆိုလိုက်သည်။

၁၉၉ဝ ခုနှစ်တွင် ကရင်အမျိုးသားနှင့် ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အစိုးရက အညိုးအတေးထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) - EYNG (M) က ယမန်နေ့ ကြေညာချက်ထုတ်ပြန်ကာ ပြောဆို လိုက်ခြင်း ဖြစ်သည်။

"အဲဒီစစ်ဆင်ရေးမှာ KNU နဲ့ စစ်တပ်က အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒီမှာ အပြစ်မဲ့ရွာသားတွေ သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတယ်။ သူတို့ ကျူးလွန်ခဲ့တာတွေ အထောက်အထားတွေနဲ့သုတေသန လုပ်နေရပါတယ်။ သူတို့က လျစ်လျှူရှုထားတာလား မသိဘူး။ ပညာသားပါပါပေါ့နော်" ဟု လျို့ဝှက်လှုပ်ရှားနေသည့် အဖွဲ့မှခေါင်းဆောင်ဖြစ်သူ ကိုစိုင်းမင်းလွင်က ပြောသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် စကောကရင်၊ ပိုးကရင် လူမျိုးများသည် လူဦးရေအားဖြင့် ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း EYNG (M) စာရင်းက ဆိုသည်။

၁၉၉ဝ ခုနှစ်အတွင်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဘိုကလေးမြို့တဝိုက် ကရင်သူပုန်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်များက လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုခဲ့သည်။

ကေအင်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်အရ ထိုစစ်ပွဲတွင် ကရင်ရွာသား ၃ဝဝဝ ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

ကေအင်ယူ ပြန်ကြားရေးမှူး ဗိုလ်မှူးလှငွေကလည်း အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုသည် လူမျိုးရေးခွဲခြားမှု ရှိနေသည်ဟု ပဲ့တင်သံထပ် ပြောဆိုလိုက်သည်။

"အဲဒီနေရာတွေဟာ သူတို့ကို ပုန်ကန်တဲ့နေရာ၊ ရန်သူလို့သတ်မှတ်ပြီး အခုထိ စောင့်ကြည့်နေတယ်။ အခုလို ဖြစ်လာတဲ့အခါ ထင်ရှားတဲ့အချက်က ဒီဒေသမှာ ဟိုင်းကြီးကျွန်းကနေ မုန်တိုင်းက စတင်လာတယ်ဆိုတော့ မုန်တိုင်းလာမယ်ဆိုတာ သိရက်နဲ့နှောင့်နှေးထားတယ်။ ဒီနေ့အထိ ကယ် ဆယ်ရေးပစ္စည်းတွေ ရောက်အောင် မပို့သေးဘူးလေ။ နောက်တခုက တချို့နေရာမှာ အသက်ရှင်ကျန်နေတဲ့ လူတွေကိုလည်း အမြန် လိုက်မရှာ ဘူး။ သူပုန်နယ်မြေမှာ အညိုးတွေ မပျောက်သေးဘူးဆိုတာ ဒီလုပ်ရပ်တွေဟာ ထင်ရှားတယ်လို့ ပြောနိုင်တယ်။ ဝန်ကြီးချုပ် သွားတယ်ဆိုရင် လည်း ဗမာရွာတွေပဲ သွားတာပဲ" ဟု ဗိုလ်မှူးလှငွေက ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကရင်ကျေးရွာ ၄၅ ရွာခန့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်ဟု သူကပြောသည်။

အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးကြူက တော့ မြို့ပေါ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ခွဲခြားမှုမတွေ့ရဟု ဆိုသည်။ သို့သော် အလှမ်းဝေးသည့် ဒေသများအတွက် တော့ ခွဲခြားမှု ဖြစ်နိုင်သည့်စိုးရိမ်မှု ရှိနေသည်။

"မြို့ပေါ်တက်လာတဲ့ ဒုက္ခသည်တွေဆိုရင် ရပ်ကွက်က နာရေးအဖွဲ့တို့၊ ဘုန်းကြီးတို့၊ လူငယ်တို့ ပုဂ္ဂလိကဆီကရတဲ့ အလှူတွေကိုတော့ မျှမျှတတ ပေးတာတွေ့ရပါတယ်။ နယ်မှာက အာဏာပိုင်တွေကနေတဆင့် နဝတ၊ မဝကတို့ကနေ လာတောင်း ဒါမှမဟုတ် ရဝတအစား ခေါင်းဆောင်တွေ လာတောင်းတယ်ပေါ့နော်။ အဲဒီမှာတော့ ကြားကနေ ဖြတ်အုတ်သွားတယ်ဆိုတာတော့ သိတယ်။"

"မြို့ပေါ်မှာ အဲလို ခွဲခြားဆက်ဆံနေတာ မရှိဘူး။ တောဘက်အခြေအနေတော့ သူတို့ဆက်ဆံရေးက ကျနော် မသိဘူးပေါ့နော်။ ဒီ (EYNG) အဖွဲ့တွေ က သူတို့ ကွင်းဆင်းထားတယ်ဆိုတော့ ဟုတ်မှာပေါ့" ဟု ဒေါက်တာအေးကြူက ပြောသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved