|
မုန်တိုင်းမှလွတ်သော်လည်း ပစ္စည်းခိုးခံရပြန် |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 17:59 - မြန်မာစံတော်ချိန် |
ရန်ကုန်။ ။ မုန်တိုင်းမှ အသက်ရှင်လွတ်မြောက်လာသူ ဒုက္ခသည်များ ကျန်ရစ်သည့် ပစ္စည်းများကို လိုက်လံ ခိုးယူမှုများ ဧရာဝတီတိုင်း လပွတ္တာတွင် ဖြစ်ပွားခဲ့သည်။
လေမုန်တိုင်းကြောင့် ရွာပျက်သွားသည့် အခါတွင် ရွာသားများသည် ကြောက်အားလန့်အားဖြင့် ဒုက္ခသည်အဖြစ် မြို့ပေါ်သို့ တက်ပြေးကြရာ ကျန်ရှိသော မပျက်စီးသော ပစ္စည်းများကို ခိုးသူများက လာရောက် ယူဆောင်ကြခြင်း ဖြစ်သည်။
"ဒုက္ခသည်စခန်းမှာ သုံးရက်လောက်နေပြီးတော့ လှေကြုံရှိတာနဲ့ ရွာကို ပြန်လာကြည့်တာ စက်တွေ တစ်လုံးမှ မရှိတော့ဘူး၊ ကျန်တဲ့ပစ္စည်းတွေကိုလဲ မွှေနှောက်ပြီး ရှာထားတာကို တွေ့ရတယ်" ဟု လပွတ္တာမြို့နယ် သင်္ကန်းကြီးရွာသားတဦးက ပြောသည်။
သူ၏ မိန်းမနှင့် ကလေးသည် မုန်တိုင်းကြောင့် ရေကြီးရာတွင် ရေနစ်သေဆုံးခဲ့သည်။
လပွတ္တာမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စု ပေါင်းငါးဆယ်ကျော်ရှိပြီး၊ ကျေးရွာပေါင်း တထောင်ဝန်းကျင်ခန့်ရှိရာ ခြောက်ဆယ်ရာခိုင်နှုန်းခန့်သည် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခြင်း ဖြစ်သည်။
ယင်းသို့ ပျက်စီးသွားသော ရွာများတွင် လောဘသားများက ကျန်ရစ်သည့် စက်များ၊ ငါးဖမ်း ပိုက်များ၊ ရွာဝင်အိုးများ နှင့် မသေဘဲ ကျန်ရစ်သည့် ကျွဲနွားများကို လိုက်လံ ခိုးယူလျှက် ရှိကြသည်။
|