|
ကျန်ဆန္ဒခံယူပွဲများအတွက် စစ်အစိုးရမဲဆွယ်မှုများဆက်လုပ်နေ |
|
|
|
နန်းဒေ၀ီ
|
|
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 17:21 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ နိုင်ငံပိုင်ရုပ်သံများမှ မုန်တိုင်းဒါဏ်သင့် ဒေသများတွင် ပြုလုပ်မည့်အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် မဲဆွယ်မှုများကို လေလှိုင်းမှတဆင့် အဆက်မပြတ် ထုတ်လွှင့်နေသည်။
မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ ၄ သန်းရှိသော ရန်ကုန်မြို့နယ်များအား ရည်ရွယ်၍ မဲဆွယ်စည်းရုံးရေးသီချင်းများကို မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်နေသည်။
နာဂစ်မုန်တိုင်းဒါဏ် အပြင်းအထန်ခံရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၄၇ မြို့နယ်မှလွဲ၍ တနိုင်ငံလုံးအနှံ့အပြားတွင် မေလ ၁၀ ရက်နေ့တွင် မဲပေးပြီးဖြစ်သည်။ ကျန်ရှိနေသေးသော မဲပေးရမည့်သူများမှာ မေလ ၂၄ ရက်နေ့တွင် မဲပေးရမည် ဖြစ်သည်။
'ကိုင်ဇာနဲ့နန်းစုရတီစိုး တို့ဆိုတဲ့ မဲဆွယ်စည်းရုံးရေး သီချင်းတွေကို ရုပ်မြင်သံကြားက လွှင့်နေသည်။ ဆန္ဒခံယူပွဲအတွက် အမှန်ခြစ်ဖို့သီချင်းများက တိုက်တွန်းပြောနေ ကြတယ်။
'ကျနော်တို့ ဒီဗီဒီနဲ့ မြန်မာရုပ်ရှင်ကလွဲလို့ ဘာမှမကြည့်ဖြစ်ဘူး၊ ရုပ်မြင်သံကြားမှာလာတာက ဘာမှ စိတ်ဝင်စားစရာ မရှိဘူး' ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲ မတိုင်မှီ နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကပိုင် အပါတ်စဉ် ဂျာနယ်များကို ပြည်သူလူထုအား စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအား ထောက်ခံကြရန် တောင်းဆိုသည့် ဆောင်ပုဒ်များ ထည့်သွင်းရန် ဖိအားပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ် သည်ဟု ဆောင်ပုဒ်များက ဆိုသည်၊ ၎င်းအခြေခံဥပဒေသည် အရပ်သား အစိုးရတရပ်အတွင်း စစ်တပ်မှ ဥပဒေပြုခွင့် ၂၅ ရာနှုန်းရမည် ဆိုသည်ကို အာမခံထားသည်။
သို့သော် မေလ ၁၀ ရက်နေ့မှစ၍ ပုံနှိပ်ထုတ်ဝေသော မီဒီယာများ၌ မဲဆွယ်မှုများ ပြုလုပ်ရန် မလိုတော့ပေ။
'ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်အပြစ်တင်တာတွေကို ရှောင်ဖို့ သူတို့တိတ်တိတ်နေတာ ဖြစ်နိုင်တယ်' ဟု အယ်ဒီတာက ပြောသည်။
အမေရိကန် စစ်လေယာဉ် စီ-၁၃၀ ဆိုက်ရောက်ပုံ နှင့် ဒေသခံကုမ္ပဏီများမှ မုန်တိုင်းဒါဏ်မှအသက်ရှင် လွှတ်မြောက်လာသူများအား ငွေလှူဒါန်း နေပုံများကို အင်္ဂါနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
မုန်တိုင်းကြောင့် သေဆုံးသူ ၃၁,၉၃၈ ဦး၊ ပျောက်ဆုံးသူ ၂၉,၇၇၀ ဦးနှင့် ဒါဏ်ရာ ရရှိသူ ၁,၄၀၃ ဦး ရှိကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။ သို့သော် ကုလသမဂ္ဂနှင့် လွတ်လပ်သော အကူအညီပေး အေဂျင်စီများက သေဆုံးသူဦးရေမှာ ၁၀၀,၀၀၀ အထိ ရောက်ရှိနိုင်ပြီး ထိုထက်များသော လူဦးရေမှာ ရောဂါဘယများ၊ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။
|