သတင်း ပြည်တွင်းသတင်း ဆိုင်ကလုံးမုန်တိုင်းဆိုသည်မှာ
ဆိုင်ကလုံးမုန်တိုင်းဆိုသည်မှာ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 16:04 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းသည် အင်အားပြင်းထန်သော အပူပိုင်းမုန်တိုင်းတခု ဖြစ်ပြီး အင်အားကြီးမား၍ အဖျက်စွမ်းအား ပြင်းထန်သော ရာသီဥတုစနစ်များထဲမှ ဆိုင်ကလုံးဟု လူအများသိကြသော မုန်တိုင်းအမျိုးအစားတခု ဖြစ်သည်။ 

အပူပိုင်းဆိုင်ကလုံးမုန်တိုင်း ဆိုသည်မှာ အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်းပင်လယ်ပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် လေဖိအားနည်းရပ်ဝန်းကို ယေဘုယျခေါ်သည့် အမည် ဖြစ်သည်။ အပူပိုင်းဒေသ ပင်လယ်ပြင်များ၌ အဆိုပါမုန်တိုင်းမျိုး တနှစ်လျှင် ကမ္ဘာတဝှမ်းလုံး၌ ၈ဝ မှ ၁ဝဝ အထိ ဖြစ်ပေါ်လေ့ရှိသည်။ ရေခိုးရေငွေ့ပါသော လေပူများအထက်သို့ ပျံတက်သွားပြီး အဆိုပါရေငွေ့များ ငွေ့ရည်ဖွဲ့၍ အပူများထုတ်လွှတ်သောအခါတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

အဆိုပါငွေ့ရည်များသည် အများအားဖြင့်အောက်သို့ ပြန်ကျလာပြီး အလွန်ပြင်းထန်သော လေပြင်းများ၊ တော်နေဒိုးမုန်တိုင်းများ၊ အလွန်ကြီးမားသော လှိုင်းလုံးကြီးများ နှင့် မုန်တိုင်းဒီရေများကို ဖြစ်ပေါ်စေကာ လူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို အကြီးအကျယ် ဖျက်ဆီးနိုင်သည်။ သည်းထန်သောမိုးနှင့် မုန်တိုင်းဒီရေများကြောင့် အကြီးအကျယ် ရေလွှမ်းမိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ 

ဆိုင်ကလုံးဟူသော အမည်၏ အဓိပ္ပါယ်မှာ မြောက်ကမ္ဘာခြမ်းတွင် မုန်တိုင်းထဲမှလေများ နာရီလက်တံ ပြောင်းပြန်အတိုင်း လှည့်ပတ်နေခြင်းကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။ မုန်တိုင်းဖြစ်ပေါ်ရာ အရပ်နှင့် အင်အားပေါ်မူတည်ပြီး ဆိုင်ကလုံးကို ဟာရီကိန်း၊ တိုင်ဖုံး၊ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုံးမုန်တိုင်း၊ အပူပိုင်း လေဖိအားနည်းရပ်ဝန်း အစရှိသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ 

အပူပိုင်းဆိုင်ကလုံးကြောင့် ဖြစ်ပေါ်လာသော မြေပြင်ရေပြင်လေသည် အများဆုံး တနာရီလျှင် ၃၉ မိုင်နှုံးထက် မပိုလျှင် အဆိုပါ အပူပိုင်းဆိုင်ကလုံး မုန်တိုင်းကို အပူပိုင်း လေဖိအားနည်းရပ်ဝန်းဟု ခေါ်သည်။ အပူပိုင်းဆိုင်ကလုံး၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော လေပြင်း၏အလျင်သည် အနည်းဆုံး တနာရီလျှင် ၃၉ မိုင်နှုံးခန့်ရှိလျှင် အပူပိုင်းမုန်တိုင်းဟု ခေါ်၍ အမည်တခု သတ်မှတ်ဖေါ်ပြသည်။ မြေပြင်ရေပြင်လေသည် တနာရီလျှင် ၇၄ မိုင်နှုံးအထိရှိ၍ မြောက်အတ္တလန်တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ အရှေ့မြောက်တွင် ဖြစ်ပေါ်လျှင် ဟာရီကိန်းမုန်တိုင်း ဟုခေါ်သည်။

အဆိုပါဟာရီကိန်းမုန်တိုင်း ဖြစ်ပေါ်ရာဒေသသည် နိုင်ငံတကာရက်စွဲမျဉ်း၏ အရှေ့ဘက်တွင် ရှိသည်။ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက် နိုင်ငံတကာ ရက်စွဲမျဉ်း၏ အနောက်ဘက်တွင်ရှိလျှင် တိုင်ဖုံးမုန်တိုင်းဟုခေါ်သည်။ အိန္ဒိယ သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာ အပါအဝင် အခြားဒေသများတွင် ဖြစ်ပေါ်လျှင် အပူပိုင်းဆိုင်ကလုံးမုန်တိုင်းဟု ခေါ်သည်။ 

လူအသေအပျောက် အများဆုံး အပူပိုင်းဆိုင်ကလုံးမုန်တိုင်းသည် ၁၉၇ဝ ခုနှစ်တွင်တိုက်ခတ်သွားခဲ့ပြီး ထိုမုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခန့်မှန်းခြေ လူ ၃ သိန်း သေဆုံးခဲ့ရသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved