ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သံလွင်တိုင်း(မ်) ဂျာနယ်တွင် မွန်ဘာသာ ထည့်သွင်းဖော်ပြမည်

သံလွင်တိုင်း(မ်) ဂျာနယ်တွင် မွန်ဘာသာ ထည့်သွင်းဖော်ပြမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ)။      ။ မြန်မာနိုင်ငံတောင်ဘက်ပိုင်း သတင်းများကို ဦးစားပေးဖော်ပြသည့် မော်လမြိုင် အခြေစိုက် သံလွင်တိုင်း(မ်) ဂျာနယ်က ပြည်ထောင်စုနေ့တွင် ဖြန့်ဝေမည့် အတွဲ(၂) အမှတ်(၃)မှ စတင်ကာ မွန်တိုင်းရင်းသား ဘာသာကို ထည့်သွင်းဖော်ပြသွားမည် ဟုသံလွင်တိုင်း(မ်) ဂျာနယ်အယ်ဒီတာ ကိုမင်းမင်းနွယ်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဧပြီလမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာနဲ့ တိုင်းရင်းသားဘာသာ ထုတ်ဝေခွင့်ပြုတော့မယ် ဆိုလို့ထုတ်စမ်း ကြည့်တာပါ။ မွန်ဘာသာ သုံးမျက်နှာပါတယ်။ သတင်းနှစ်မျက်နှာနဲ့ ဆောင်းပါး တမျက်နှာ” ဟု ပြောသည်။

ခွင့်ပြုချက်အရ သံလွင်တိုင်း(မ်) ဂျာနယ်တွင် စာမျက်နှာ ၂၈ မျက်နှာ ပါဝင်ပြီး၊ အတွဲ (၂) အမှတ် (၄) မှ စကာ မွန်ဘာသာ ၄ မျက်နှာနှင့် အချပ်ပိုများ ထည့်သွင်းသွားနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယခုကဲ့သို့ မွန်ဘာသာကို ထည့်သွင်း ဖော်ပြခြင်းသည် မြန်မာနိုင်ငံ တောင်ပိုင်းတွင် အခြေစိုက်သည့် ဂျာနယ်တိုက် တခု အနေနှင့် နှစ် ၅၀ အတွင်း တိုင်းရင်းသားဘာသာဖြင့် ပထမဆုံးအကြိမ် ဖော်ပြခြင်းလည်း ဖြစ်သည်။

လွတ်လပ်ရေး မတိုင်မီ ၁၉၄၀ ခုနှစ်ဝန်းကျင်မှ စ၍ မြန်မာနိုင်ငံ အောက်ပိုင်း မော်လမြိုင်မြို့တွင် သတင်းစာ ၇ စောင်ထက်မနည်း ထုတ်ဝေခဲ့သည့်အနက် ရာမညတိုင်း သတင်းစာနှင့် မွန်သတင်းစဉ်တို့သည် မွန်၊ မြန်မာ
နှစ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများ ဖြစ်သည်။

ယခုဖြန့်ဝေမည့် ဂျာနယ်တွင် မွန်ဘာသာ သတင်း၊ ဆောင်းပါးများ ပါဝင်သော်လည်း သီးသန့် ရေးသားဖော်ပြခြင်း မဟုတ်ဘဲ မြန်မာဘာသာမှ ရေးသားထားသည့် သတင်းနှင့် ဆောင်းပါးများကိုသာ ဘာသာပြန်ကာ ဖော်ပြခြင်း
ဖြစ်သည်။

“သံလွင်တိုင်း(မ်) လျှောက်ထားတုန်းကလည်း ပြောထားတာ ရှိတယ်။ မြန်မာစာ မဖတ်တတ်တဲ့ မွန်လူမျိုးတွေအတွက်
မြန်မာဘာသာနဲ့ ဖော်ပြထားတဲ့ သတင်း၊ ဆောင်းပါးတွေကိုပဲ မွန်လို ဘာသာပြန်ပြီး ဖော်ပြခွင့် တောင်းထားပြီးသား” ဟု ကိုမင်းမင်းနွယ် က ပြောသည်။

သို့သော်လည်း စီမံချက်နှင့် လုပ်ထုံး လုပ်နည်းများ မရှိသေးခြင်းကြောင့် ထုတ်ဝေခွင့် မရခဲ့ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများနှင့် တိုင်းရင်းသားဘာသာကို ထုတ်ဝေခွင့် ပြုမည်ဟု ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ထုတ်ဝေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် သံလွင်တိုင်း(မ်) ဂျာနယ်တိုက် အနေနှင့် မွန်-မြန်မာ နှစ်ဘာသာ ထက်ဝက်စီ ပါဝင်သည့် သံလွင်လှိုင်း လစဉ်ထုတ် မဂ္ဂဇင်းတစောင်ကိုလည်း ထုတ်ဝေခွင့်ရရန် လျှောက်ထားဆဲဖြစ်ပြီး မွန်အမျိုးသားနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မတိုင်မီ ထုတ်ဝေသွားမည်ဟု ဆိုသည်။

အလားတူ ပြည်နယ် အခြေစိုက် ဂျာနယ်တိုက်များနှင့် ရန်ကုန် အခြေစိုက် ဂျာနယ်တိုက် အချို့လည်း တိုင်းရင်းသား ဘာသာဖြင့် ဂျာနယ် ထုတ်ဝေရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖဆပလ အစိုးရလက်ထက်၌ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စသည့်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် တိုင်းရင်းသား သတင်းစာ၊ ဂျာနယ်များ ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အပိတ်ခံခဲ့ရသည်။

ယခုကဲ့သို့ တိုင်းရင်းသား ဘာသာဖြင့် ပြန်လည်ထုတ်ဝေခွင့် ပြုခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်စေသည့် စွမ်းအားတခု ဖြစ်ကြောင်း ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပြောသည်။

“ကျနော်က သဘောတူတယ်။ ကျနော်က ကြိုက်တယ်။ တိုင်းရင်းသား ဘာသာတွေ ထွန်းကားဖို့ လိုတယ်။ အရေးကြီးတာတော့ အောင်မြင်အောင် လုပ်သွားဖို့နဲ့ မှန်မှန်ကန်ကန် လုပ်သွားဖို့ လိုတယ်” ဟု ဦးဝင်းတင် က ပြောသည်။

တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေပါက ဘာသာပြန်နည်း မှန်ကန်ခြင်း၊ သတင်း ဆိုလိုရင်း သဘောပေါက်ခြင်းနှင့် လူထု စိတ်ဝင်စားရန် ရေးသားဖော်ပြခြင်းများ လိုအပ်ကြောင်းလည်း သူက အကြံပြုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒီလှိုင်း ဂျာနယ် စတင်ထုတ်ဝေစဉ်ကလည်း ကချင်နှင့် ရှမ်းတိုင်းရင်းသား ဘာသာများကို ထည့်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ဘာသာပြန် အခက်အခဲကြောင့် ရပ်နားခဲ့ရသည်ဟု ဦးဝင်းတင် က ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 68 guests online