ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အရည်အသွေးနိမ့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ

အရည်အသွေးနိမ့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။     ။ ပြည်တွင်းဈေးကွက်အတွင်းရှိ အရည်အသွေး မပြည့်ဝသော ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေး များကို အရေးယူနိုင်ရန်အတွက် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက ဆိုသည်။

“ပထမဆုံး ဧရာဝတီတိုင်းထဲက မြို့နယ်တွေကို စတင်လုပ်နေပါပြီ။ ဆက်ပြီး စစ်ဆေးသွားမှာက ပဲခူးတိုင်းနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတို့ပါ။ ပြီးရင် တနိုင်ငံလုံး ဖြန့်ကျက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောကြားသည်။

စိုက်ပျိုး သီးနှံများအတွက် တောင်သူလယ်သမားများ ဝယ်ယူအသုံးပြုရသည့် ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများ တွင် ငွေကုန်ကြေးကျသာ များပြီး အကျိုးသက်ရောက်မှု နည်းပါးလာ၍ တောင်သူများ၏ တောင်းဆိုမှုများအရ ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ဆေးတဲ့အခါ ဈေးကွက်ထဲက ဓါတ်မြေသြဇာ ငါးမျိုးနဲ့ ပိုးသတ်ဆေး ငါးမျိုးတို့ကို နမူနာယူပြီး ပုဂ္ဂလိက ဓါတ်ခွဲခန်း တခုနဲ့ အစိုးရဌာန-စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ပစ္စည်းတွေရဲ့ တံဆိပ်တွေကို ဖယ်ပြီး ကုတ်နံပါတ်နဲ့ စစ်ဆေးသွားမှာပါ” ဟု ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ဓါတ်မြေသြဇာ သို့မဟုတ် ပိုးသတ်ဆေး တမျိုးအတွက် စစ်ဆေးခ ကျပ် ၅ သိန်း ကုန်ကျမည်ဖြစ်ပြီး ထိုကုန်ကျငွေများ ကို တောင်သူလယ်သမားအသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ်ရောင်းချသူများ အသင်းတို့က ပူးပေါင်းကျခံ သွားမည် ဖြစ်သည်။

စစ်ဆေးမှု လုပ်ငန်းစဉ်များတွင် အရေးယူမှုများအပြင် သမာသမတ်ရှိမှုလည်း တောင်သူများက လိုလားကြသည်။

“စစ်ဆေးသင့်တာ ကြာပါပြီ။ အခုစစ်ဆေးမှုကို အသင်းသားတွေရဲ့ ငွေကြေးနဲ့ စစ်ဆေးတာ ဖြစ်လို့ ထိထိရောက်ရောက်
ဖြစ်စေချင်ပါတယ်။ နောက်နောင် မလုပ်ရဲအောင် နမူနာ အရေးမှုအနေနဲ့ စစ်ဆေးခတွေ ကာမိတဲ့ ငွေဒဏ်၊ ဒါမှမဟုတ်
ထောင်ဒဏ် ပေးတာမျိုး လုပ်သင့်ပါတယ်။ ရောင်းချတဲ့သူက ကုန်သည်ဖြစ်တော့ စစ်ဆေးတဲ့ နေရာအထိ လိုက်ပြီး လာဘ်ပေး-လာဘ်ထိုးတာတွေ ရှိလာနိုင်တယ်။ စစ်ဆေးမယ့်အဖွဲ့၊ တာဝန်ရှိသူ ဘယ်သူ၊ ဘယ်မှာနေတယ်ဆိုတာ စုံစမ်းပြီးလောက်ပြီ။ အမှန်အကန် ဖြစ်လာဖို့အတွက် ဦးဆောင်တဲ့သူတွေကိုပဲ အားကိုးရမှာပဲ” ဟု ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ နောက်ပြန်ထိုး ကျေးရွာမှ တောင်သူ ကိုမျိုးညွှန့် က ပြောသည်။

အရည်အသွေး မပြည့်ဝသော ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများကို စစ်ဆေးတွေ့ရှိပါက အမှတ်တံဆိပ်များကို သတင်းစာနှင့် ဂျာနယ်များတွင် ဖေါ်ပြသွားမည် ဖြစ်သည်။

ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများတွင် မြေသြဇာ ထက်မြက်မှု နည်းခြင်း၊ အချို့ ထုတ်လုပ်သူများမှာ စစ်ဆေးရန် မှတ်ပုံတင်စဉ်ကနှင့် ဖြန့်ဖြူးရောင်းချသည့်အခါ အာဟာရ ကွာခြားခြင်း၊ အခြား မလိုအပ်သည့်ဆိုးကျိုး ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါဝင်ခြင်း၊ တကယ်မပါသည့် အာဟာရဓါတ်အညွှန်းများ အိတ်ခွံတွင် ပိုမိုရိုက်နှိပ် ဖေါ်ပြထားခြင်းများ ရှိကြောင်း သိရှိရသည်။

စစ်ဆေးရာတွင် မြန်မာနိုင်ငံ ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စစ်ဆေးသွားမည် ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 74 guests online