ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အတွက် ပြည်နယ်နှင့် တိုင်းများ ပြင်ဆင်နေ

နိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အတွက် ပြည်နယ်နှင့် တိုင်းများ ပြင်ဆင်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် နိုဝင်ဘာလအတွင်း လူငယ်ဖိုရမ်များ ကျင်းပပြီး၊ ကျင်းပဆဲနှင့် ကျင်းပရန် စီစဉ်နေကြောင်း ဦးဆောင် ကျင်းပသူများထံမှ သိရသည်။

ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်ဖိုရမ် “Myanmar Youth Forum” သို့ တက်ရောက်မည့် ကိုယ်စားလှယ်များ စေလွှတ်နိုင်ရန်နှင့် စာတမ်းများ တင်သွင်းနိုင်ရန်အတွက် ထိုသို့ စီစဉ်နေရခြင်း
ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။

“ရန်ကုန်ကတော့ ပြီးသွားပြီ။ ချင်းနဲ့ ရခိုင်ကတော့ လုပ်နေဆဲပဲ။ မွန်တို့ ကယားတို့က လုပ်တော့မယ်။ အားလုံးက
တော့ နိုဝင်ဘာ ၃ဝ ရက်နေ့ နောက်ဆုံးထား လုပ်ကြမယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိုရမ်ကို ဒီဇင်ဘာလ ၁ဝ၊ ၁၁၊ ၁၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပရန် ရည်ရွယ်ထားပြီး တိုင်းနှင့် ပြည်နယ်များရှိ ခရိုင် ၆၄ ခုမှ ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ရန် ဖိတ်ကြားထားပြီး စာတမ်းများ တင်သွင်းကြမည် ဖြစ်သည်။

ရန်ကုန်တိုင်း၌ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြီးစီးခဲ့ပြီး မြန်မာ လူငယ်ဖိုရမ်သို့ တက်ရောက်မည့် ကိုယ်စားလှယ် စာရင်းကို ပေးသွင်းပြီး ဖြစ်သည်ဟု ဆိုသည်။

ကလေးမြို့တွင် နိုဝင်ဘာလ ၈ နှင့် ၉ ရက်နေ့များတွင်လည်းကောင်း၊ ပြည်မြို့တွင် နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့ များတွင်လည်းကောင်း ကျင်းပပြီးစီးမည်။ ချင်းပြည်နယ်တွင် နေရာသုံးခု ခွဲကာ ကျင်းပပြီး ပလက်ဝမြို့တွင်
နိုဝင်ဘာလ နောက်ဆုံးပတ်၌ ကျင်းပမည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်မူ မြို့နယ်အလိုက် ဖိုရမ်ကို ကျင်းပနေဆဲ ဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ်တွင် ပြည်နယ်လုံး ဆိုင်ရာ ဖိုရမ်ကို ကျင်းပမည် ဖြစ်သည်ဟု ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သည့် ဝံလက် ဖောင်ဒေးရှင်းမှ ကိုအောင်နိုင်လင်း က ပြောသည်။

“စစ်တွေမြို့နယ် ဖိုရမ်က မနေ့က ပြီးသွာပြီး ကျန်တာတွေ ဆက်လုပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်နယ်လုံးဆိုင်ရာ ဖိုရမ်ကို နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် စစ်တွေမြို့ ဝံလက် ဖောင်ဒေးရှင်း ရုံးခန်း၌ ကျင်းပမည်
ဖြစ်ပြီး မြို့နယ် ၁၇ ခုမှ ကိုယ်စားလှယ် နှစ်ဦးစီနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရန်ကုန်တိုင်းမှ ကိုယ်စား ၄ ဦး အပါအဝင် စုစုပေါင်း ၃၈ ဦး တက်ရောက်ကာ ၎င်းတို့၏ စာတမ်းတခုစီကို ဆွေးနွေးကြမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် လူငယ်ဖိုရမ်မှ ထွက်ပေါ်လာမည့် စာတမ်းကို ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်ပြသွား မည်ဟု ဆိုသည်။

၎င်းပြင် ကယားပြည်နယ်တွင် နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်နေ့များတွင်လည်းကောင်း၊ မွန်ပြည်နယ်တွင် နိုဝင်ဘာ ၂၉ နှင့် ၃ဝ ရက်နေ့များတွင်လည်းကောင်း ကျင်းပရန် စီစဉ်ပြီး ဖြစ်ကာ ကျန်သည့် တိုင်းနှင့် ပြည်နယ်များတွင်လည်း ကျင်းပရန် အသီးသီး စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ မွန်မြတ်သော အိမ်ထောင်စု ဘုရားရှိခိုးကျောင်း (Holy family church) တွင် ပြုလုပ်မည့် မွန်ပြည်နယ် လူငယ်ဖိုရမ်သို့ မြို့နယ် ၁ဝ မြို့နယ်မှ လူငယ် ကိုယ်စားလှယ်များနှင့် ယခင် ရှိနှင့်ပြီးသည့် မွန်လူငယ် ဖိုရမ်တို့မှ ကိုယ်စားလှယ်များ ၂ဝဝ ခန့် တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

မွန်လူငယ်ဖိုရမ်တွင် လူငယ်နှင့် ပတ်သက်သည့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူငယ်နှင့် တိုင်းရင်းသားရေးရာ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် မီဒီယာကဏ္ဍ၊ လူငယ်နှင့် နိုင်ငံရေး စသည့် အကြောင်းအရာ ၁၁ ခုကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

“မြို့နယ်အသီးသီးက လူငယ့်ရေးရာ ကိစ္စရပ်ကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများရယ်၊ လူငယ်များ ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများရယ်ကို ဖိတ်ပါတယ်။ ဖိတ်စာနဲ့အတူ မိမိတို့ ဆွေးနွေးလိုတဲ့ ခေါင်းစဉ် တခုရဲ့ စာတမ်းပါ တင်ပြရမှာ ဖြစ်ပါတယ်” ဟု ပွင့်လင်းကွန်ယက်မှ ကိုကြည်ဇော်လွင် က ပြောသည်။

နိုင်ငံ တဝှန်းလုံးရှိ လူငယ်များ ပူးပေါင်းဆွေးနွေး ချိတ်ဆက် လုပ်ဆောင်နိုင်ရန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် ကွန်ရက် ပေါ်ပေါက်ရန်၊ လူငယ်များ၏ အခွင့်အရေး၊ တာဝန်နှင့် ရပိုင်ခွင့်များကို ဖော်ထုတ်ကာ လူငယ့်ရေးရာ မူဝါဒများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များ၏ လက်ရှိအခြေအနေ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ထင်ဟပ်သော အသံများ ဖော်ထုတ်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိုရမ်ကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမည့်ကို ကြိုတင်ပြင်ဆင်သောအားဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရန် ရည်ရွယ်ပြီး မြန်မာ လူငယ်ဖိုရမ် “Myanmar Youth Forum” ကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးဆောင်ကျင်းပသူများက ဆိုသည်။

မတ်လကုန်ပိုင်းက ကျင်းပခဲ့သော Asian Youth Forum အစည်းအဝေးသို့ မသဉ္ဇာရွှန်းလဲ့ရည် အပါအဝင် မြန်မာ လူငယ် ၁၆ ဦး တက်ရောက်ခဲ့ပြီးနောက် အာရှ လူငယ်ဖိုရမ်အား မြန်မာနိုင်ငံက လက်ခံကျင်းပနိုင်ရေးအတွက်
ပြင်ဆင်ခြင်း ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 132 guests online