တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိုင်ငံရေးဆွေးနွေးရန် KIO ဘက်မှ အကြောင်းမပြန်နိုင်သေး

နိုင်ငံရေးဆွေးနွေးရန် KIO ဘက်မှ အကြောင်းမပြန်နိုင်သေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနှင့် ပြန်လည်တွေ့ဆုံရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ လက်တလော အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၃ဝ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် နိုဝင်ဘာလအတွင်း နိုင်ငံရေး စတင်
ဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် KIO မှာ အဖွဲ့တွင်း အစည်းအဝေး မပြီးပြတ်သေး၍ ပြန်လည်တွေ့ဆုံရန် အသင့်မဖြစ်သေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ ကို ပြောသည်။

ဦးအောင်မင်း ထံ ကြာသပတေးနေ့က ဆက်သွယ်မေးမြန်းစဉ်ကလည်း KIO ဘက်မှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေ
ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။  

“(ပြီးခဲ့တဲ့) အစည်းအဝေးမှာ KIO ဘက်က ဒီလမှာ လုပ်ရအောင်ဆိုတာကို သဘောတူတယ်။ ဘယ်နေ့ လုပ်မယ် ဆိုတာ တပတ် ကြိုတင်အကြောင်းကြားဖို့ကို ပြောလာတာကို စောင့်နေပါတယ်။ ဘယ်တော့ အကြောင်းကြားလာ မယ်ဆိုတာ စောင့်နေတယ်လို့ ပြောတယ်။ KIO ဘက်ကို ကျနော်တို့ မေးကြည့်တော့ သူတို့ စည်းဝေးနေသေး တယ်လို့ ပြောပါတယ်။ စည်းဝေးပြီးမှ အကြောင်းပြန်ကြားလာမယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခု နိုင်ငံရေး ဆွေးနွေးမည့် နေရာကို မြစ်ကြီးနား၊ ဗန်းမော် သို့မဟုတ် ရှမ်းပြည်နယ် မူဆယ်မြို့ တနေရာရာတွင်
တွေ့ဆုံရန် သဘောတူထားကြသည်။ သို့သော် တွေ့ဆုံရန် ဆုံးဖြတ် ပြီးနောက် ပြန်လည် ညှိနှိုင်းကြမည် ဖြစ်သည်။

ထိုစဉ်တွင် ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေများအတွင်း အစိုးရ စစ်တပ်နှင့် KIO တပ်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိနေသည်။

ထို့ပြင် အစိုးရတပ်များ အင်အား ၁,ဝဝဝ ခန့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းအတိုင်း တိုးမြင့်ချလာသဖြင့်
ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေမှုများ ရှိနေသည်ဟု အကျိုးဆောင်တဦးဖြစ်သူ ဦးအင်ဆင်းဆန့်အောင် က ပြောသည်။

“အရင်တပတ်က ဆွမ်ပရာဘွမ်၊ ပူတာအို သွားတဲ့လမ်းတလျှောက် တန်ယန်ဇွပ် အထက်ပိုင်းမှာရှိတဲ့ ရွာသားတွေက အကုန်ထွက်ပြေးကုန်ပြီ၊ သူတို့က စစ်ပြေးဒုက္ခသည် မဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် တောတွေမှာ ထွက်ပြေးနေရ တယ်။ တပ်မ ၃၃ စစ်သား တထောင် တက်လာတယ်ဆိုပြီး ထွက်ပြေးနေတယ်လို့ ကြားတယ်” ဟု မဇ္စျိမကို
ပြောသည်။

KIO က အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် တွေ့ဆုံရန် နီပွန် ဖောင်ဒေးရှင်း၏ အကြံပြုချက်ကိုလည်း ဝန်ကြီး ဦးအောင်မင်းက လက်မခံကြောင်း UNFC တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“ဂျပန်မှာ တွေ့ဖို့ နီပွန်ဖောင်ဒေးရှင်းက ကျနော်တို့ အလွတ်သဘော တွေ့ဖို့ စီစဉ်တာ။ အဲဒါကို ဦးအောင်မင်းက ပထမ သဘောတူ သလိုလို လုပ်ပြီး နောက်ပိုင်းမှာ မတူတော့ဘူး။ အပြင်မှာ တွေ့တာ မကောင်းဘူး၊ အစိုးရဘက် သိက္ခာကျ သလိုလို အဲဒီ လေသံမျိုး ရှိတယ်။ ညှိနှိုင်းနေတုန်းပါ” ဟု မဇ္စျိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းအနေဖြင့် ရန်ကုန်မြို့ရှိ Myanam Peace Center တွင်သာ တွေ့ဆုံလိုပြီး ထိုကိစ္စနှင့် ပတ်သက် ၍ UNFC အနေဖြင့် မကြာမီ ရက်ပိုင်းအတွင်း ထပ်မံဆွေးနွေးကြမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေးဒစ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်း တန် ဆန်၊ ဆေးဝါး၊ ရိက္ခာများကို လူသားချင်းစာနာမှုဖြင့် သွားရောက်ကူညီမည် ဖြစ်ပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တနေရာတွင် UNFC နှင့် ထပ်မံ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 107 guests online