ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွာပြောင်းခြင်းကိစ္စ ITD လုပ်ကြံပြောကြောင်း ထားဝယ်အဖွဲ့ဆို

ရွာပြောင်းခြင်းကိစ္စ ITD လုပ်ကြံပြောကြောင်း ထားဝယ်အဖွဲ့ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ ထားဝယ် စီမံကိန်း နယ်မြေအတွင်းရှိ ကျေးရွာများမှ ဒေသခံများကို ထိုနယ်မြေမှ
ပြောင်းရွှေ့ပြီးလုပြီဟု အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (ITD) ၏ ပြောဆိုမှုသည် မဟုတ်မှန်ကြောင်းနှင့် ၎င်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်လိုခြင်းသာ ဖြစ်ကြောင်း ထားဝယ် လူထုအခြေပြုအဖွဲ့တခုက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာနှင့် အင်တာဗျူးတခုတွင် ITD ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr Premchai က ထိုကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး ထားဝယ်ဒေသအတွင်း လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်လာစေရန်
နှင့် ကာကွယ် စောင့်ရှောက်ရန်အတွက် သတင်းအချက်အလက်များ ဖြန့်ဖြူးနေသည့် ထားဝယ် လူထုအသံ (Tavoyan Voice) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Daweiproject
“ရွာပြောင်းဖို့ အောက်ခြေမှာ ဆွေးနွေးထားတာ ဘာမှ မရှိသေးဘူး။ အဲဒါကြောင့် သူတို့ ပြောတာ မမှန်ဘူး။ သူတို့က
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် လုပ်ပြီး ပြောတာပဲ ဖြစ်မယ်လို့ ကျမတို့ သုံးသပ်ပါတယ်” ဟု Tavoyan Voice ၏ ပြောရေးဆိုခွင့် ရှိသူ မလွင်လွင် က မဇ္ဈိမကို ပြောသည်။

ထို့ပြင် “ITD မှ လျော်ကြေးငွေ ပေးချေခြင်းနှင့် ပက်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို ဒေသခံရွာသားများနှင့် ဆက်လက်ပြုလုပ်နေသော်လည်း ရွှေ့ပြောင်းပေးရေးနှင့် ပတ်သက်၍ ရွာသားအများစုကို စည်းရုံးသိမ်းသွင်းရာတွင်
အောင်မြင်နိုင်ခြင်း မရှိသေးပေ” ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ရရှိရန် ရည်ရွယ်သည့် ITD အုပ်ချုပ်မှု ဒါရိုက်တာ၏ လွဲမှားစွာ ထုတ်ဖော်ပြောဆိုမှု သည် ဒေသခံရွာသားများအား တုန်လှုပ်မှု ဖြစ်စေသည် ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ထားဝယ်ခရိုင် ရေဖြူနှင့် လောင်းလုံမြို့နယ်ရှိ ရွာပေါင်း ၁၆ ရွာမှ ဒေသခံ ၃ဝ,ဝဝဝ ကျော် နေရာသစ် ၃ နေရာသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်ဟု ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA) မှ ကိုလေးလွင် က ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ် ဒေသရှိ မူးဒူး၊ ပရဒပ်၊ လဲရှောင်၊ ဆင်ကြီးနှင့် မယင်းကြီး ၅ ရွာကို ဘဝါမြို့သစ်သို့ လည်းကောင်း၊ မင်းဒပ်၊ ပိန်းရှောင်၊ သစ်တိုထောက်၊ ရလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ ခမောက်ချောင်း စသည် ၁ဝ ရွာကို ပုဂေါဇွန်းရှိ စက်မှုဇုန်အနီးသို့ လည်းကောင်း၊ လောင်းလုံမြို့နယ်ရှိ ညောင်ပင်ဆိပ်ရွာကို ပန်းတင်အင်းရွာသို့ လည်းကောင်း အသီးသီး ပြောင်းရွှေ့ရမည်ဟု ဆိုသည်။

လက်ရှိတွင် စီမံကိန်း၏ မြောက်ဖက်အခြမ်းတွင် ရှိသည့် ဘဝါမြို့သစ် ပြန်လည် နေရာချထားရေး စခန်းတွင် အိမ်သစ် ၃၄ဝ ကျော်ကို ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပြီး မူးဒူးရွာ တရွာကိုသာ ၂ဝ၁၃ ခုနှစ်၊ ဇွန်လ မတိုင်မီ ပြောင်းရွှေ့ရန် စီစဉ်နေသည်ကို သိရှိရကြောင်း ကိုလေးလွင် က ပြောသည်။

မယင်းကြီးကျောင်း ဆရာတော် ဦးသြဘာသ ကလည်း မူးဒူးရွာနှင့် ညောင်ပင်ဆိပ်ရွာ နှစ်ရွာကိုသာ ပြောင်းရွှေ့ရန် ITD က ညှိနှိုင်းဆွေးနွေးခဲ့ပြီး အများစုမှာ မပြောင်းလိုကြကြောင်း မိန့်သည်။

“အခု ပြောင်းဖို့ ပြောထားတဲ့ မူးဒူးရွာက ဆိုရင် ပြောင်းမယ်လို့ ဝန်ခံထားတာ နည်းနည်း။ မပြောင်းဘူးလို့ ငြင်းတာ များများ ဖြစ်နေတယ်။ ညောင်ပင်ဆိပ်မှာ ဆိုရင် သုံးလေးယောက်ပဲ ပြောင်းမယ်လို့ ပြောပြီး ကျန်တဲ့ တရွာလုံးက မပြောင်းဘူးလို့ ပြောနေကြတယ်” ဟု မိန့်ကြားသည်။

ဒေသခံများ မပြောင်းလိုကြသည့် အကြောင်းမှာ မိရိုးဖလာ သက်မွေးဝမ်းကြောင်း လုပ်ငန်း ဖြစ်သည့် လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး လုပ်ငန်းများ ပြောင်းရွှေ့ခံရသည့် နေရာသစ်တွင် လုပ်ကိုင်ရန် မဖြစ်နိုင်၍ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကျေးရွာများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အိမ်ခြံမြေ လျော်ကြေး ကိစ္စကို မဆွေးနွေးရသေးဘဲ စီမံကိန်းဒေသအတွင်းရှိ ဥယျာဉ်ခြံမြေကိစ္စကိုသာ ကုမ္ပဏီဘက်က လျော်ကြေးသဘော မပါသည့် လိုက်လံဝယ်ယူမှု များ ပြုလုပ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“နောက်တော့ တပြားမှ မရဘဲ ဖြစ်သွားမယ်။ အခုပေးတဲ့ ဈေးဟာ တော်လောက်ပြီ၊ တန်လောက်ပြီ။ မင်းတို့ နဂို
ရေနက်ဆိပ်ကမ်း မရှိခင်တုန်းက တသိန်း နှစ်သိန်း ရတဲ့ခြံဟာ အခု ဆယ်သိန်း ဆယ့်ငါးသိန်း ရရင် တော်လှပြီ။ အခုကတည်းက ရတဲ့ဈေးနဲ့ ရောင်းထားမှ အဆင်ပြေမယ်ပေါ့။ ဒီလိုမျိုးလေးတွေ ပြောပြီးမှ ဝယ်တာပေါ့လေ” ဟု မိန့်သည်။

၎င်းပြင် စီမံကိန်း အစိတ်အပိုင်းတခု ဖြစ်သည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကြောင့် ရေဖြူမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၈ဝ ကျော် ရှိသည့် ကလုံးထာ ကျေးရွာမှာလည်း ပြောင်းရွှေ့ခံရဖွယ် ရှိပြီး ရွာသားများက ပြောင်းရွှေ့ရန်
ငြင်းဆန်နေဆဲ ဖြစ်သည်။

ITD အနေဖြင့် မြန်မာနိုင်ငံနှင့် နားလည်မှု စာချွန်လွှာကို ၂ဝဝ၈ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ထားဝယ် စီမံကိန်းကို စတင်ခဲ့သည်။ ထို ၁ဝ နှစ် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းများ၊ စက်ရုံအလုပ်ရုံကြီးများ၊ ရုံးအဆောက်အအုံ များနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ဧရိယာများ ပါဝင်သည်။

ကုမ္ပဏီ အနေဖြင့် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့် တန်ဖိုးမှာ ဒေါ်လာ ၈.၆ ဘီလီယံခန့် ရှိသည်။

အခက်အခဲများ ကြုံတွေ့လာရပြီးနောက် စာချုပ်တွင် ပါရှိသည့် ထားဝယ် အထူး စီးပွားရေးဇုန်အတွင်း စက်မှုဇုန် နယ်မြေ ဧရိယာအား ၂၅ဝ စတုရန်း ကီလိုမီတာမှ ၂ဝဝ စတုရန်း ကီလိုမီတာသို့ လျှော့ချခဲ့ရပြီး စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၄,ဝဝဝ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကိုလည်း ၄ဝဝ မဂ္ဂါဝပ်သို့ လျှော့ချခဲ့ရသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရေးကြီး ဦးစားပေး စီမံကိန်းများကို ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးများ ချထားပေး
  2. ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
  3. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  4. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  5. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  6. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  7. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
e-letter-burmese

Who is Online

We have 173 guests online