သတင်း ပြည်တွင်းသတင်း ရန်ကုန် ဂျီမေးသုံးစွဲသူများ အခက်အခဲ ဖြစ်ပြန်
ရန်ကုန် ဂျီမေးသုံးစွဲသူများ အခက်အခဲ ဖြစ်ပြန် Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 22:47 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ရန်ကုန် အင်တာနက်ဆိုင်များတွင် လူသုံးများသည့် ဂျီမေးလ်မှာ သိသိသာသာပင် နှေးကွေးသွားသည်ဟု အင်တာနက် အသုံးပြုသူများ အပြောအရ သိရသည်။

မည်သည့်အတွက် ယခုလို ဂျီမေးဖွင့်ရာတွင် အခက်အခဲ ဖြစ်နေရကြောင်း မသိရသေးသော်လည်း server error ပြနေသည့်အတွက် အကြိမ်ကြိမ် ဖွင့်နေရသည့်အပြင် အချိန်စောင့်ဆိုင်း နေရတတ်သည်။

ပုဂံအင်တာနက် ဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားသော ရန်ကုန်မြို့ လှည်းတန်း အင်တာနက် ဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက "ဂျီမေး ဖွင့်လိုက်ရင် error တွေ တက်နေတယ် ခင်ဗျ။ နဲနဲတော့ ကြာပြီ။ တပတ်ကျော်လောက်တော့ ကြာပြီ။ email address မှာ ဂျီမေး ရိုက်လိုက်ရင် သူ့ဟာသူ ဝင်သွားတယ်။ ဝင်တဲ့နေရာမှာ သူက Error ဆိုပြီးတော့ ပြတယ်။ ထပ်ခါ ထပ်ခါ လုပ်ပေးရတယ်။ တခါတလေမှ ဝင်တယ်" ဟု မဇ္ဈိမကို ယခုလို ပြောသည်။

သူက ဆက်ပြီး "ဂျီမေး ဝင်ဘို့ဆိုတာ pass word တွေ ဘာတွေ ရိုက်တာကအစ ၅ မိနစ်ကျော်ကျော်လောက် ကြာတယ်။ attach file တွေ ပို့ရင်လည်း size ကို အတတ်နိုင်ဆုံး ချုံ့ပြီးတော့ လုပ်ပါတယ်။ ဓာတ်ပုံဖိုင်တွေကို တအား ချုံ့လို့လည်း မဖြစ်ဘူး။ အဲဒီတော့ ပိုကြာတယ်" ဟု ပြောသည်။

ယခုလို ဂျီမေးသုံးရာတွင် အဆင်မပြေ ဖြစ်နေသည့်အတွက် သုံးစွဲသူများသည် ယခင်ကထက် သိသာစွာ လျော့နည်းလာကြောင်း ရန်ကုန်မြို့တွင်း လူစည်ကားသည့် နေရာများတွင် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များက ပြောသည်။

အင်တာနက်ဆိုင်တခုတွင် တာဝန်ကျ ပုဂ္ဂိုလ်တဦးက "သုံးတဲ့သူတွေက အရင်တုန်းက ရှိတဲ့သူတွေ ထက်စာရင် ၅ ပုံ ၂ ပုံလောက် လျော့သွားတယ်" ဟု ပြောသည်။

ရန်ကုန်မြို့တွင်း အင်တာနက်သုံးစွဲသူ အများစုက ယခုလို ဂျီမေးလ်၊ ဂျီတော့ အဝင်ခက်နေမှုအပေါ် အင်တာနက် ဝန်ဆောင်မှုပေးနေသော ဌာနများဖြစ်သည့် Myanmar Info-Tech နှင့် Myanmar Post and Telecommunication တို့ကို ကြိုးစား ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရပါ။ 

 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး