သတင်း ပြည်တွင်းသတင်း လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ
လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ Print E-mail
ဆော်လမွန်   
တနင်္လာနေ့၊ ဇွန်လ 16 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။

ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သွားတုန်းက ဘုန်းကြီးနဲ့ တွေ့မယ်ဆိုပြီး သွားတာ။ အလှူခံတဲ့ ဘုန်းကြီးလေ။ အဲလိုမျိုး ချိန်းထားလို့ သွားတာ။ အဲဒါ မြေနီကုန်း ရွှေလ္ဘက်ရည် ဆိုင်မှာ အလှူကိစ္စကို ဘုန်းကြီးက လွှတ်လိုက်တာ ဆိုပြီးတော့ အဲလိုပုံစံနဲ့ ဝင်လာတာ။ အဲဒီမှာပဲ ပျောက်သွားတာ” ဟု မတင်တင်ချို၏ ခင်ပွန်းသည်က ပြောသည်။

သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ အာဏာပိုင်များဘက်က မိသားစုဝင်များသို့ တစုံတရာ အကြောင်းကြားခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။

၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ညတွင် နယ်မြေခံရဲများ အပါအဝင် ဒေသ အာဏာပိုင်များသည် ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“မေးတာက ကယ်ဆယ်ရေး ပိုက်ဆံတွေ ပို့ထားတာ ဘယ်မှာ ထားသလဲ၊ ဘယ်ကို သူ ဆက်သလဲ၊ သူတို့ မှတ်ထားတဲ့ ငွေစာရင်းလယ်ဂျာ (ledger) သိချင်တယ်၊ ပြပါ ဆိုပြီး မေးပါတယ်။ ရှာတာက တအိမ်လုံးကို ရှာတာပေါ့။ ဗီရိုတွေ ဖွင့်ကြည့်တယ်။ ပထမတခေါက်တော့ သိပ်ပြီး ထွေထွေထူးထူး ပါမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ဖြတ်ပိုင်းပုံကလေးတွေ ဖြတ်ထားတဲ့ဟာတွေ ပါသွားတယ်။ ဒုတိယ တခေါက်တော့ လက်တော့ပ် laptop တို့ တောင်းတာ ရှိတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

ဘာကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း နေအိမ်များသို့ လာရောက် မေးမြန်းခဲ့သူ အာဏာပိုင်များ၏ စကားများအရ လေဘေး ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းနှင့် ပတ်သက်သည်ဟု ယူဆရကြောင်း မိသားစုဝင်များက ပြောသည်။

အဖမ်းခံလိုက်ရသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေတ္တာပေါင်းကူး အမည်ရှိ လေဘေး ကူညီရေးအဖွဲ့က ဧရာဝတီတိုင်းအတွင်းသို့ အနည်းဆုံး ၆ ခေါက်ခန့် ပေးပို့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီနေသည့် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူရွှင်တော် ဇာဂနာ (ကိုသူရ) သည် ယခုလ ၄ ရက်နေ့တွင်၎င်း၊ First Eleven ဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးသည် ၁၃ ရက်နေ့တွင်၎င်း ဖမ်းဆီးခံခဲ့ကြရသေးသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved