|
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄ ရာခိုင်နှုန်းထောက်ခံ |
|
နေသွင်
|
|
ကြာသပတေးနေ့၊ မေလ 15 2008 16:06 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထုက တခဲနက် ထောက်ခံအားပေးလိုက်ကြောင်း နိုင်ငံပိုင် ရေဒီယိုက ကြေညာသွားသည်။
ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ဥက္ကဌဖြစ်သူ တရားသူကြီးချုပ် ဦးအောင်တိုးက ကြေညာချက်ကို ဖတ်ကြားသွားရာတွင် မဲပေးခွင့်ရှိသူများ၏ ၉၂.၄ ရာခိုင်နှုန်း ဖြစ်သည့် မဲပေးခွင့်ရှိသူ ၂၂ သန်းကျော်အနက် စုစုပေါင်း ၂၀၇၈၆၅၉၆ ဦးရေက မေလ ၁ဝ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲတွင် အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲပေးသွားခဲ့သည်ဟု ပါရှိသည်။
ကန့်ကွက်မဲပေးသူ ဦးရေမှာ ၁၃၇၇၄၈ဝ ဦးနှင့် မဲပေးရန် ပျက်ကွက်သူ ၃၃၄၅၈၈ ဦးရှိသည်ဟု ဆိုသည်။
မဲရလာဒ်များသည် တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၂၅ အနက်မှ ၂၇၈ မြို့က ထွက်ပေါ်လာသော ရလာဒ်များဖြစ်သည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ၄၇ မြို့နယ်သည် နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံစားခဲ့၍ ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ စစ်အစိုးရက ပြောင်းရွှေ့သတ်မှတ်ခဲ့သည်။
ဝေဖန်သူများက အခြေခံဥပဒေမူကြမ်းသည် စစ်အုပ်ချုပ်ရေးကို ဆက်လက်ခိုင်မာအောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟု ဝေဖန်ထားကြချိန်တွင် အာဏာပိုင်များက အရပ်ဘက် အစိုးရသို့ ကူးပြောင်းရေး ရေရှည်လုပ်ငန်းစဉ်၏ တစိတ်တဒေသ ဖြစ်သည်ဟု ပြောသည်။ အခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဥပဒေပြုအမတ် နေရာများတွင် ဝင်ထိုင်ခွင့်ရှိသွားမှာ ဖြစ်သည်။ စစ်အစိုးရက ၂ဝ၁ဝ တွင် ပါတီစုံ ရွေးကောက်ပွဲတခုကို ကျင်းပသွားမည်ဟု ပြောထားသည်။
ပြုလုပ်ပြီးခဲ့သော ဆန္ဒခံယူပွဲများသည် တရားမျှခြင်း လွတ်လပ်ခြင်း လုံးဝ မရှိဟု ဝေဖန်သူများက ပြောဆိုထားကြသည်။ ထို့အပြင် မေ ၂ ရက်နေ့ နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းကြောင့် အသေအပျောက် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်နေချိန်တွင် ဆန္ဒခံယူပွဲကျင်းပခဲ့ခြင်း ကြောင့် အစိုးရကို ပြင်းထန်စွာ ပြစ်တင်ကြသည်။
ဖွဲ့စည်းပုံဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ၂၇ သန်း၏ အများစုမဲဖြင့် ဖွဲ့စည်းပုံကို အတည်ပြုနိုင်သည်။
အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆန္ဒခံယူရလဒ်ကို လက်မခံနိုင်ဟု ယတိပြတ် ပြောဆိုလိုက် သည်။
"ဒီဆန္ဒခံယူပွဲဟာ ပြည်သူဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။ အဲဒါပဲပြောမယ်" ဟု ဦးဥာဏ်ဝင်းက ပြောသည်။
အဖွဲ့ချုပ်အနေဖြင့် ဆန္ဒခံယူပွဲတွင် မသမာမှုများကို အချက်အလက်များရရှိထားပြီး နောက်ထပ် စုဆောင်းနေသည်ဟုလည်း သူက ပြောသည်။ သို့သော် ရှေ့လုပ်ငန်းစဉ်များ ကို ပြောဆိုရန် ငြင်းဆန်သွားသည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည် အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု ပြောသည်။
"အခုလိုအနေထားမျိုးမှာ စစ်အစိုးရအနေနဲ့ အများကြီးနိုင်တယ်ပြောရင် တိုင်းပြည်မှာ ပိုပြဿနာရှိမယ်လို့ ပြောတာရှိတယ်။ တဖက်မှာလည်း အများကြီး နိုင်ချင်မှ နိုင်မယ်။ ၆ဝ ရာခိုင်းနှုန်း စသည့်ဖြင့် နိုင်ကောင်းနိုင်မယ်ပေါ့။ နောက်တခုက သန်းရွှေက ခပ်ကြောင်ကြောင်ပဲ။ လက်ရှိအနေအထားနဲ့ အရမ်းကို ကင်းကွာနေတယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းကလည်း ၉၅ ရာခိုင်နှုန်း နိုင်မယ်။ အများကြီးနိုင်တယ်ဆိုပြီး ပြောကောင်းပြောမယ်လို့ ကျနော်တို့ပြောတာ ရှိတယ်။ အခုလို ၉၂ ရာခိုင်နှုန်း နိုင်တာဆိုတာက လိမ်တာညာတာ ငြိမ်းခြောက်တာပေါ့။ ကြိုတင်မဲတွေ တနိုင်ငံလုံး တဝက်လောက် ယူထားတာ ရှိတယ်။ အများကြီးနိုင်တဲ့ကိစ္စဟာ မြန်မာပြည်မှ မဖြစ်နိုင်တဲ့ကိစ္စ" ဟု ပြောသည်။
"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ်ဆိုပြီး လိမ်တဲ့ကိစ္စကတော့ တော့တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာ ဖြစ်နိုင်တယ်" သူက ထပ်ပြောသည်။
ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းထားသော ဧရာဝတီတိုင်း မြို့နယ် (၄ဝ) နှင့်ရန်ကုန်တိုင်း (၇) မြို့နယ်တွင် ဆန္ဒခံယူပွဲကို ၂၄ ရက်နေ့တွင်ဆက်လက်ကျင်းပ သွားမည်ဟု ဆိုသည်။ အဆိုပါဒေသများတွင် မဲပေးပိုင်ခွင့်ရှိသူ ၅ သန်းကျော် ရှိသည်ဟု တရားသူကြီးချုပ်က ပြောသည်။
မြန်မာပြည် ဖွဲ့စည်းပုံဆိုင်ရာ ရက်စွဲများ (၁၉၄၇-၂ဝဝ၈) သို့
|