|
ကြက်ခြေနီသင်္ဘော မမှောက်ဟု စစ်အစိုးရ ငြင်းဆို |
|
မဇ္ဈိမသတင်းဌာန
|
|
ကြာသပတေးနေ့၊ မေလ 15 2008 10:58 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ လေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ခဲ့သည့် ကြက်ခြေနီ သဘောင်္တစီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နစ်မြုပ် သွားဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စစ်အစိုးရက ယနေ့ ငြင်းဆိုလိုက်သည်။
ကြက်ခြေနီများ ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများ တင်ထားသည့် သင်္ဘောသည် မုန်တိုင်းဒဏ်ခံ ဒေသတွင်း၌ ရေစီးနှင့်ပါလာသော သစ်ပင်နှင့် တိုက်မိ၍ နစ်မြုပ်ရာ ပစ္စည်းများ နစ်မြုပ်ဆုံးရှုံးကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း အေအက်ပီ သတင်းဌာနတွင် ဖော်ပြသည်ဟု မေလ ၁၁ ရက် ည ၈ နာရီတွင် ဘီဘီစီရေဒီယိုက ထုတ်လွှင့် ချက်ကို ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဖြစ်စဉ်အမှန်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ၅ ဦးအပါအဝင် ခရီးသည် ၃၅ဝ နှင့် ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံ ၁ဝ တန်ခန့်တင်သော စိန်ဝင်းကြည် အမည်ရှိ ရေယာဉ်သည် မေ ၁ဝ ရက် ညနေ ၄ နာရီခန့်တွင် ရန်ကုန်မှ မော်လမြိုင်ကျွန်းသို့ ထွက်ခွာလာရာ မေ ၁၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဘိုကလေးမြို့အနီး သံကြိုး တိုင်၌ ရေမြုပ်တုံးတိုက်မိပြီး ရေယာဉ် ဝမ်းဗိုက်တွင် ရေ ၁ ပေခွဲခန့်ဝင်ခဲ့ရာ ပစ္စည်းများ ရေစိုသည်မှလွဲ၍ လူနှင့် အခြားပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ပါရှိသည်။
ပြန်လည်ပြုပြင်ပြီး မွန်းလွဲ ၂ နာ၇ီ ၄၅ မိနစ်တွင် ဆက်လက်ထွက်ခွာရာ ညနေ ၄ နာရီ ၁ဝ မိနစ်တွင် မော်လမြိုင်ကျွန်းမြို့သို့ ရောက်ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ရေယာဉ်ပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ၅ ဦးမှာ ဦးဝဏ္ဏရှိန် (ကွင်းဆင်းကြီးကြပ်ရေးအရာရှိ၊ အဖွဲ့ချုပ်)၊ ဦးထွန်းထွန်းဝင်း (လက်ထောက်သင်တန်း အရာရှိ၊ အဖွဲ့ချုပ်) ဦးရူပ (စေတနာ့ဝန်ထမ်း ကြက်ခြေနီ၊ လမ်းမတော်မြို့နယ် )၊ ဒေါ်စန်းစန်းဝင်း (စေတနာ့ဝန်ထမ်း ကြက်ခြေနီ၊ ဒဂုံမြို့နယ်)၊ ဒေါ်ကြူကြူဝင်း (စေတနာ့ဝန်ထမ်း ကြက်ခြေနီ၊ ဒဂုံမြို့နယ်) တို့ ဖြစ်သည်ဟု ဆိုသည်။
ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ယနေ့အထိ ရရှိသော စာရင်းများအရ မုန်တိုင်းဒဏ်ခံရကာ သေဆုံးသူ ၃၄၂၇၃ဦး ၊ ဒဏ်ရာရသူ ၁၄ဝ၃ ဦးနှင့် ပျောက်ဆုံးသူပေါင်း ၂၇၈၃၈ ဦး ရှိသည်ဟုလည်း သတင်းစာတွင် ဖော်ပြထားသေးသည်။
ထို့အပြင် ပြည်တွင်းပြည်ပ သွေးထိုးလှုံ့ဆော်မှုများ ပြည်သူများ ရှင်းလင်းမြင်သာစေရေး ပိုမိုကြိုးပမ်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းသည် ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြောင်း သတင်းများလည်း ပါရှိသည်။
|