သတင်း ပြည်တွင်းသတင်း မြန်မာသို့ပေးပို့သည့် အကူအညီများ တရုတ်ငလျင်ကြောင့် ထိခိုက်မှုရှိမည် မဟုတ်
မြန်မာသို့ပေးပို့သည့် အကူအညီများ တရုတ်ငလျင်ကြောင့် ထိခိုက်မှုရှိမည် မဟုတ်
E-mail
ဆော်လမွန် နှင့် လာရီဂျေဂင်   
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 16:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသော ငလျင်ကြောင့် အကူအညီများစွာ လိုနေသေးသော မြန်မာနိုင်ငံအတွက် အကူအညီများမှာ လမ်းကြောင်း ပြောင်းသွားနိုင် မည်မဟုတ်ဟု အကူအညီပေးသည့် အဖွဲ့အစည်းများက အင်္ဂါနေ့တွင် ပြောသည်။

ရစ်ချက်တာစကေး ၇.၈ ရှိသော ငလျင်သည် တရုတ်နိုင်ငံအနောက်ပိုင်း စီချွင်ပြည်နယ်တွင် တနင်္လာနေ့၌ ဖြစ်ပွားရာ လူ ၁၂၀၀၀ ကျော်သေဆုံးပြီး သေဆုံးစာရင်းမှာ မြှင့်တက်လျှက် ရှိသည်။

'နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသည် မြန်မာမှ တရုတ်နိုင်ငံသို့ ပြောင်းသွားလိမ့်မည်မဟုတ်' ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းက ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့မှ ကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များသည် တရုတ်ကြက်ခြေနီများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေကြသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် လခြမ်းနီအဖွဲ့များရှိသဖြင့် နိုင်ငံတခု၏သဘာဝ ဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ထိခိုက်နိုင်မည်မဟုတ်ဟု သူက ဆိုသည်။

'မနေ့ညက ရှေးဦးအကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ ၂၃၅,၀၀၀ ကို (တရုတ်နိုင်ငံ) ပေးခဲ့ပြီးပါပြီ' ဟု ခိုခရိမ်းက ပြောသည်။ ဘေဂျင်းမှာ ရှိတဲ့ဒေသဆိုင်ရာ ကိုယ်စားလှယ်က နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်' ဟု သူက ဆက်ပြောသည်။

လခြမ်းနီအဖွဲ့သည် ယခုအချိန်တွင် ကယ်ဆယ်ရေး အထောက်အပံ့များကို မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့နေဆဲဖြစ်သည်၊ ' ကျနော်တို့ အနည်းဆုံး ၁၀ ခေါက်ကို လေယာဉ်နဲ့ ပို့ပေးပြီးပါပြီ ဖြစ်နိုင်လျင် ဒီအပါတ်ကုန်မှာ ၁၇ ခေါက် ရန်ကုန်ကို ပို့ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်' ဟု ဆိုသည်။

ပေးပို့ထားသော ပစ္စည်းများတွင် ခြင်ထောင်များ၊ အမိုးအကာ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေသန့်ဆေးပြားများ၊ အိမ်သာတွင်းတူးရန် ပုဆိန်များနှင့် ဆပ်ပြာ အ၀တ်အစား များနှင့် မီးဖိုချောင်သုံး ပစ္စည်းများကဲ့သို့သော မိသားစုသုံး ပစ္စည်းများ ပါဝင်ပါသည်၊

လမ်းတံတားများမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသောကြောင့် အကူအညီပေးသည့် အေဂျင်စီများ အနေဖြင့် အထိခိုက်ဆုံး ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ အလျင်အမြန်ရောက်ရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကယ်ဆယ်ရေးပစ္စည်းတစု ဧရာဝတီသို့ရောက်ရန် ၆ ရက်ကြာသည် ဟု အေးဝင်းဆိုသည်။ လမ်းများမှာ ကားကြီးများဝန်ကို ခံနိုင်ရည်မရှိသောကြောင့် ၆ တန် ၀န်ဆောင် နိုင်သော ကားများကိုသာ ကယ်ဆယ်ရေးပစ္စည်းများ ဧရာဝတီသို့ သယ်ယူရန် အသုံးပြုနေရသည်။

ယခုအချိန်တွင် ရဟတ်ယာဉ်များကို ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရာတွင် အစိုးရမှ အသုံးပြုနေသော်လည်း ကုလအေဂျင်စီများမှာ ကုန်းလမ်းနှင့် ရေလမ်းများ ကိုသာ အသုံးပြုနေရသည်၊ 

အကူအညီများကို နိုင်ငံသို့ စတင်ဖြန့်ဝေနေပါပြီ။ လွန်ခဲ့သည့် ၂ ရက်က အမေရိကန်လေယာဉ်များ ထောက်ပံ့ရေးကုန်များ မချနိုင်ခဲ့ပါ။ အဆိုပါကုန်များမှာ လေပြင်းကြောင့် များစွာ ပျက်စီးသွားခဲ့သည်။

ထောင်ပေါင်းများစွာသော သောက်ရေသန့်ဘူးများကို ဖြန့်ဝေရန်အတွက် စစ်အစိုးရအား အပ်နှံပြီးပါပြီ၊ ထို့အပြင် နားခိုရန်များ ဆောက်လုပ်ရန် အတွက်လိုအပ်သော ပစ္စည်းများဖြစ်သည့် သစ်၊ ရေပုန်း၊ သံချောင်း၊ အိပ်ယာများ နှင့် ပလတ်စတစ် တာပေါ်လင်များသည် လမ်းမှာပင် ရှိနေသေးသည်။

တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနှင့်ရုရှားမှ ကယ်ဆယ်ရေးပစ္စည်းများ ရှိနေပါသေးသည်၊ ဆေးဝါးဆိုင်ရာ ပစ္စည်းများ၊ တဲများ၊ စောင်များ၊ ဂျင်နရေတာများ၊ ကာကွယ်ဆေးများ၊ အနာပါတ်ပိတ်စများ နှင့် အစားအသောက်များ ကို မော်စကိုမှ တင်ဆောင်လာသော လေယာဉ် ၂ စင်း ရောက်ရှိသွားပါပြီ။ ဤပစ္စည်းအများစုကို မြန်မာအာဏာပိုင်များသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်သည်။

ဥရောပမှ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (MSF) မှ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ကုသရန်ဆေးဝါးများ၊ ချက်ချင်းစားသုံးနိုင်သော အစားအသောက်များ၊ ပလတ်စတစ်အခင်းများ၊ ရေထည့်ရန်ဘူးများ၊ ရေစုပ်စက်များနှင့် ၈ ယောက်စီး လှေများကို လေယာဉ်တစီးစာ ပေးအပ်ပြီး ဖြစ်သည်။ အခြား လေယာဉ် ၃ စင်းမှာ အခြားကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ကုန်သို့လာနေပြီ ဖြစ်သည်။

ကုလအေဂျင်စီမှလည်း မြန်မာနိုင်ငံတွင် သိုလှောင်ထားသော အစားအသောက်များ၊ ပစ္စည်းအသုံးအဆောင်များနှင့် ဆေးဝါးပစ္စည်းများကို အသုံးပြုပြီး ဖြစ်သည်။ သို့သော် လိုအပ်ချက်၏ ၂၀ ရာနှုန်းအောက်သာ ဧရာဝတီသို့ ဖြန့်ဖြူးနိုင်သေးသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးသည်။

သို့သော် အခြေအနေ ဖြစ်တည်နေမှုမှာ ဤ ရိုးရှင်းသော အစားအသောက်နှင့် အထောက်အပံ့များ မဟုတ်ပါ။ 

'ကျနော်တို့ လိုအပ်နေသည်မှာ ကုလနှင့်နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများမှ ကျွမ်းကျင်သူများ ပေးနိုင်ရေးပင် ဖြစ်သည်' ဟု ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့မှ အရာရှိဖြစ်သူ မားကပ်ပရီအောရာ က ဆိုသည်၊ ယခုလက်ရှိတွင် ဤကယ်ဆယ်ရေး လုပ်ငန်းတရပ်လုံးအား လုပ်ဆောင်နိုင်ရန် ကျွမ်းကျင် သူများ၏ အရေအတွက်မှာ ၁၀ ရာနှုန်းပင် မပြည့်ပါ၊ ဤအေ၇အတွက်မှာ ရန်ကုန်တခုတည်းအတွက်ပင် ဖြစ်သည်။

မြန်မာစစ်အစိုးရသည် ပြင်ပကမ္ဘာအား အထူးပင် သံသယ ပြင်းထန်လွန်းသည်၊ သဘာဝ ဘေးဒါဏ်ခံရသူများအား ကူညီရာတွင် ကျွမ်းကျင်သူများနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူများအား နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။

မြန်မာအာဏာပိုင်များနှင့် အဆက်အသွယ်ကောင်းပြီး ၎င်းတို့အား နောက်ကွယ်မှ စည်းရုံးသိမ်းသွင်းနေသော ထိုင်းစစ်တပ်အရာရှိများကမူ ကုလမှ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံ တွင်းသို့ လာမည့်ရက်အနည်းငယ်အတွင်း ၀င်ရောက်ခွင့်ရနိုင်သည် ဟု ယုံကြည်မှု အပြည့်ရှိသော်လည်း ကယ်ဆယ်ရေး အရာရှိများကမူ ယုံကြည်မှုကင်းမဲ့နေသည်၊
 

ကုလ အေဂျင်စီမှ အချို့ဝန်ထမ်းများမှာ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားသော်လည်း အဆိုးဝါးဆုံးထိခိုက်ခံရသည့် နယ်မြေများအနီး ရောက်မှ နောက်ပြန်လှည့်ခဲ့ရသည် ။

အခြားနိုင်ငံများမှ အကူအညီများနှင့် ပတ်သက်၍ စစ်အစိုးရသည် အခွင့်ကောင်းယူ နေသည်။

နိုင်ငံခြား အစိုးရများမှပေးသော အစားအသောက်ထုပ်ပိုးပစ္စည်းများမှာ စစ်သားများ၏ စီမံရာအောက်တွင်ရောက်ရှိနေပြီး ၎င်းထုပ်ပိုးပစ္စည်းများသည် စစ်ဗိုလ်ချုပ်များမှ လှူဒါန်းသည်ဟူ၍ ပြန်လည် ကမ္မည်းထိုး နေသည်၊ ဤလုပ်ရပ်သည် ထိုင်းအစိုးရအား ဒေါသထွက်စေခဲ့သည်။
 
ရန်ကုန်ပြင်ပရှိ ဆင်းရဲသူများထံသို့ အစားအသောက်များဖြန့်ဝေရန် ကြိုးစားသောဒေသခံလူမှုအဖွဲ့အစည်းများသည်လည်း အတင်းအကြပ် ရပ်တန့်ခံရပြီး သူတို့၏ ဆန်အိတ်များလည်း သိမ်းယူခြင်းခံရသည်။
 

သူတို့စကား

"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်

© Copyright 1998 - 2008 Mizzima News. All Rights Reserved