တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > မြန်မာ့ဆန် တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ

မြန်မာ့ဆန် တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာ့ဆန် တန်ချိန် နှစ်သိန်း (တင်းပေါင်း သန်း ၁၄၀) ကို အင်ဒိုနီးရှားနိုင်ငံသို့ တနှစ်အတွင်း
ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားကူညီထောက်ပံ့ရေး အေဂျင်စီ INLA တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

စာချွန်လွှာကို ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် နှင့် INLA ဥက္ကဋ္ဌ ဆူတာတို လယ်လီမိုဆို Mr. Sutarto Alimoeso တို့က လက်မှတ်
ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်
မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး Mr Sebastianus Sumarsono တို့ တက်ရောက်ခဲ့ကြသည်။
rice
အင်ဒိုနီးရှားနိုင်ငံသည် နှစ်စဉ်လူဦးရေ တိုးပွားလာသည်နှင့်အမျှ ဆန်လိုအပ်မှု ပိုများလာခဲ့ပြီး ယခင်က ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့နေသည့် ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများမှ တဆင့် တင်သွင်းနေသော်လည်း ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင်း ၂၀၁၁ ခုနှစ်ပိုင်းအတွင်း ရေးကြီးရေလျှံမှုတို့ကြောင့် ဆန်စပါး ပျက်စီးမှုများဖြစ်ကာ ပြည်ပ တင်ပို့နိုင်မှု လျော့ကျခဲ့ပြီးနောက် မြန်မာ့ဆန်ကို ဝယ်ယူရန် လမ်းစလာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း က ပြောသည်။

“အင်ဒိုနီးရှားကို ပို့မယ့်ဆန်က ဧည့်မထ အမျိုးအစား ၂၅ မှတ်တန်ပါ။ ၇၅ မှတ်ဆိုရင်တော့ ဆန်လုံးကောင်းပေါ့ အခုဟာက အကျိုးပါတာပေါ့။ အဲဒါကို ဒီနှစ်ပို့ရမှာ” ဟု အသင်း ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က မဇ္ဈိမကို ပြောသည်။ နိုင်ငံ၏ ဆန်လိုအပ်ချက်အရ အင်ဒိုနီးရှားနိုင်ငံသည် တနှစ်လျှင် ပြည်ပနိုင်ငံများမှ ဆန်တန်ချိန် ၂ သန်းခန့် ဝယ်ယူ သုံးစွဲနေရ သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်းလည်း ၂၀၁၁ ခုနှစ် မိုးကာလ ရေကြီးရေလျှံမှုကြောင့် ဆန်စပါး အဓိက စိုက်ပျိုးသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ပျက်စီးမှုများရှိခဲ့ရာ နှစ်စဉ်ပျမ်းမျှ စပါးအထွက်နှုန်း ဖြစ်သော တန်ချိန် ၁၇ သန်း၏ ၁၀ ရာခိုင် နှုန်း လျော့ကျသွားနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများအသင်းက ခန့်မှန်းထားသည်။

ထို့သို့လျော့ကျနေမှုရှိသော်လည်း ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဖူလုံလောက်ငှရေးကို ဦးစားပေးပြီးမှ
ပြည်ပတင်ပို့မှုကို လုပ်ဆောင်သွားမှာဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“ကျနော်တို့နိုင်ငံအတွက် အရန်ဆန် မရှိဘဲနဲ့ နိုင်ငံခြားကိုပဲ အတင်းစာချုပ်တွေ ချုပ်ပြီး ပို့လိုက်လို့ ပြည်တွင်းဈေးတွေ ကမောက်ကမ ဖြစ်သွားရင် ပြည်တွင်းဈေးတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်လေ။ ပြည်တွင်း လိုအပ်ချက် ဖူလုံအောင် အရန်ဆန် ထိန်းသိမ်းထားပြီးမှ လုံလောက်တယ်ဆိုမှ ပြည်ပပို့ဖို့ ကျနော်တို့စဉ်းစားတာပါ” ဟု ဦးစိန်ဝင်းလှိုင် ကပြောသည်။

ပြည်တွင်း စားသုံးမှု ဖူလုံရေး အရန်ဆန် ဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း၊ ဗဟို သမဝါယမ အသင်းနှင့် နိုင်ငံတော် အစိုးရတို့ ပူးပေါင်းပြီး စပါး တတင်းလျှင် ၃၃၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ရန်အတွက် ၂ဝ၁၂ ဇန်နဝါရီ လကုန်ပိုင်းတွင် အစိုးရမှ ကျပ်ငွေ ၁၀ ဘီလီယံ ချထားပေးပြီးဖြစ်သည်ဟု သိရသည်။

မြန်မာတနိုင်ငံလုံး၏ ဆန်စားသုံးမှုနှုန်းမှာ တနှစ်လျှင် တန်ချိန် ၁၅ သန်းခန့်ရှိသည်။ ၂၀၁၂ ခုနှစ် ပြည်တွင်း ဆန်ဈေးကွက်တွင် ၂၀၁၁ ခုနှစ်အတွင်းက ဈေးနှုန်းအတိုင်း ပေါ်ဆန်း (ဘေးကြား) တပြည်လျှင် ၈၀၀ ကျပ်နှုန်းဖြင့်
ဈေးတည်ငြိမ်နေလျက်ရှိကြောင်း ဘုရင့်နောင် ဆန်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်း ဆန်စပါး စိုက်ပျိုးသူ လယ်သမားများမှာလည်း ရာသီဥတုဒဏ်နှင့် စပါးဖျက်ပိုးကျမှုကြောင့် အခက်ကြုံတွေ့
နေရသလို မြန်မာ့ စီးပွားရေးဦးပိုင် လီမီတက်ထံမှ စိုက်ပျိုးစရိတ်အဖြစ် ကျပ်ငွေ တရာလျှင် ၂ ကျပ်နှုန်းဖြင့် ချေးငွေ ထုတ်ယူပြီး ပြန်မဆပ်နိုင်သည့် အခက်ခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ဒေသခံ လယ်သမားများက ပြောသည်။

“မိုးစပါးတုန်းက ရေကြီးပြီး ပျက်စီးကုန်တယ်။ အခု ဆောင်းစပါးကလည်း အရင်နှစ်ကလိုပဲ မိုးထိနေတော့ အဖျင်းတွေ အထွက်များမယ့် အနေအထား ဖြစ်နေတယ်။ ပိုးကျလို့ ပျက်ကုန်တာလည်း များတယ်။ ဒီနှစ်လည်း ရှုံးဦးမှာပဲ” ဟု
နောက်ပြန်ဒိုး ရွာမှ လယ်သမား တဦး က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ထွက်သည့်ဆန်များကို အနောက် အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့ပြီး ဘင်္ဂလားဒေရှ်နှင့် ဖိလစ်ပိုင်
နိုင်ငံများသို့လည်း တင်ပို့သည်။ ၂၀၁၀ ခုနှစ်အတွင်း ပြည်ပ ဆန်တင်ပို့နိုင်မှုမှာ တန်ချိန် ၈ သိန်းခန့် တင်ပို့နိုင်ခဲ့သော် လည်း ၂၀၁၁ ခုနှစ် ၇ သိန်း ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း၏ အပြောအရ သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂၀.၄၃ သန်းရှိပြီး မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ ဖြစ်ကာ
စေပါး စိုက်ပျိုးမှုနှုန်းမှာ ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 120 guests online