တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > နော်ဝေ Seadrill ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်ရောက်လုပ်ကိုင်

နော်ဝေ Seadrill ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်ရောက်လုပ်ကိုင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ PTTEP  နှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နော်ဝေ ရေနံကုမ္ပဏီ စီးဒရင်လ် Seadrill သည် မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း  ရေနံတူးဖော်မှုများ လုပ်ကိုင်ရန်အတွက် သူ၏ရေနံတူးစင် ဝက်စ်ဂျူနို West Juno ကို ပြင်ဆင်တပ်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါရေနံတူးစင်သည် မြန်မာ့ရေပိုင်နက်အတွင်း ၄ လကြာ ရေနံတူးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်သည်။

စီးဒရင်လ်ကုမ္ပဏီ၏ အသစ်လွင်ဆုံး အဆိုပါရေနံတူးစင် တည်ဆောက်ခြင်းကို စင်္ကာပူတွင် ပြုလုပ်ခဲ့ရာ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလထဲတွင် ပြီးစီးခဲ့သည်။

သြစတြေးလျကုမ္ပဏီ Twinza Oil နှင့် ပူးတွဲကာ ပြီးခဲ့သည့်နှစ်တွက် မြန်မာနိုင်ငံတွင်း ရေနံတူးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အတွက် စီးဒရင်လ်သည် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရသေးသည်။

ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရှာဖွေမှု လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပေါ်ပေါက်လာနိုင်သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူများက ပြန်လည်ရုပ်သိမ်း ထွက်ခွါသွားစေရန် ဖိအားပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း လုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီများသည် စစ်အစိုးရကို ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးသည်ဟုဆိုကာ ဝေဖန်တိုက်ခိုက်ခြင်း ခံကြရသည်။

နော်ဝေသတင်းဌာနကမူ စီးဒရင်လ်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ Hilde Waaler ကို ကိုးကားကာ ကုမ္ပဏီအနေဖြင့် `မြန်မာနိုင်ငံတွင်း နောက်ထပ်စာချုပ်သစ်များ လက်မှတ်ရေးထိုးရန် အစီအစဉ်မရှိပါ´ ဟု ပြောကြားခဲ့သည်။

သို့သော် စီးဒရင်လ်ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်မည့် အကြောင်းကို PTTEP ထိုင်းကုမ္ပဏီနှင့် စီးဒရင်လ်တို့ ပူးတွဲလုပ်ကိုင်ရာတွင် အကူအညီပေးရမည့် စင်္ကာပူအခြေစိုက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီတခုက ဒီဇင်ဘာနှောင်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စီးဒရင်လ်ကုမ္ပဏီသည် ယခင်ကလည်း PTTEP ကုမ္ပဏီအတွက် သူတို့၏ ‘West Ariel’ အမည်ရှိ ရေနံတူးစင်ဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ရေနံတွင်းတူးလုပ်ငန်းများ လုပ်ကိုင်ပေးခဲ့သေးသည်။

နော်ဝေအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သူတို့အနေဖြင့် `မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန်´ နော်ဝေကုမ္ပဏီများကို ပြောဆိုထားကြောင်း လွတ်လပ်သည့် သတင်းဌာနတခုဖြစ်သည့် Norwatch ကို ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက စီးဒရင်လ် ကုမ္ပဏီကိုသော်၎င်း၊ အခြား နော်ဝေကုမ္ပဏီများကိုသော်၎င်း၊  `စစ်အာဏာရှင်စနစ်ကို ဘဏ္ဍာငွေ ထောက်ပံ့သည့် လုပ်ငန်းများ လုပ်ကြခြင်း´ ကို မလိုလားပါဟု ပြောသည်။

`နော်ဝေနိုင်ငံသည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် အရေးယူ ဆောင်ရွက်ချက်များဖြစ်သော အချို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရန် ကန့်သတ်ပိတ်ပင်ထားခြင်းကို ထောက်ခံထားပါသည်´။

သို့သော် နော်ဝေကုမ္ပဏီများသည် EU (ဥရောပသမဂ္ဂ) ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရန်မလိုဘဲ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ တရားဥပဒေအရ တားမြစ်ပိတ်ပင်ထားခြင်းလည်း မရှိပါ။

နော်ဝေနိုင်ငံသည် EU အဖွဲ့ဝင်နိုင်ငံ မဟုတ်သော ဥရောပရှိ နိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်သည်။

စီးဒရင်လ်၏ ရှယ်ယာများကို အော်စလိုနှင့် နယူးယောက် စတော့အိပ်ချိန်း နှစ်ခုစလုံးတွင် အရောင်းအဝယ် ပြုလုပ်နေပြီး ကုမ္ပဏီအနေဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရန် တာဝန်ရှိသော်လည်း မြန်မာနိုင်ငံတွင်း သူတို့လုပ်ကိုင်နေသော လုပ်ငန်းများအပေါ်မူ သက်ရောက်မှု မရှိပါ။

ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို တားမြစ်ထားသော်လည်း `နည်းပညာပိုင်း ဝန်ဆောင်မှု လုပ်ငန်းများ´ အတွက်မူ ဟာကွက်များ ရှိနေသည်။ သို့သော် အဆိုပါ နည်းပညာပိုင်း ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန OFAC က နာမည်ပျက် စာရင်းသွင်းထားသည့် ကုမ္ပဏီများသို့မူ ပေးအပ်လုပ်ကိုင်ခွင့် မပြုပါ။

အဆိုပါရုံးက နာမည်ပျက်စာရင်း သွင်းထားသော စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ကာ ဘိန်းဘုရင်များလည်းဖြစ်သည့် စတီဖင်လောနှင့် သူ့ဖခင် လော်စစ်ဟန်တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ပါဝင်နေသည့် ကုမ္ပဏီလုပ်ငန်းစု တခုအတွက် ကမ်းလွန်ရေနံတွင်းတူး လုပ်ငန်းများ လုပ်ကိုင်ပေးခဲ့သည့်အတွက် ဆွစ်ဇာလန်နှင့် အမေရိကန် ပူးတွဲကုမ္ပဏီ တခုဖြစ်သော ထရန်စ်အိုးရှင်း Transocean ကို OFAC က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

စီးဒရင်လ်နှင့် သူ့လုပ်ငန်းဆောင်ရွက်ဖော် Breamer Falconer တို့ကို ယင်းတို့၏ သဘောထားမှတ်ချက် တောင်းခံရန်အတွက် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ရခိုင်ကမ်းရိုးတန်းတွင် ရေနံတူးမည့် ဂျပန်ရေနံတူးစင် နောက်ထပ် ရေနံတူးစင်တခုဖြစ်သော ဂျပန်ရေနံတွင်းတူး ကုမ္ပဏီ JDC ပိုင် ရေနံတူးစင်တခုသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ပြီးခဲ့သည့်လတွင် ဦးတည်ထွက်ခွါသွားပြီဖြစ်ပြီး ဒေဝူးအင်တာနေရှင်နယ်က ဦးစီးလုပ်ကိုင်နေသည့် ရွှေဓာတ်ငွေ့လုပ်ငန်းစီမံကိန်း လုပ်ငန်းကုမ္ပဏီစု၏ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်လုပ်ကိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ တခုတည်းသော ရေနံတွင်းတူး ကုမ္ပဏီဖြစ်သော JDC သည် ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ရေနံတွင်းတူးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၁.၃၄ သန်းတန် လုပ်ငန်းစာချုပ်တရပ်ကို ချုပ်ဆိုခဲ့သည်။

ကုမ္ပဏီပိုင် အဆိုပါ ရေတွင် တဝက်တပျက် နစ်မြုပ်နေမည့် ရေနံတူးစင်သည် စစ်တွေမြို့အနီး မြန်မာ့ရေပြင်တွင် ရေနက်တွင်း ၄ တွင်း တူးဖော်မည်ဖြစ်သည်။ အဆိုပါ စာချုပ်တွင် ၅ ခုမြောက်တွင်းတတွင်း လိုအပ်က ထပ်တူးရန်လည်း ပါဝင်သည်။

JDC သည် ယခင်ကလည်း မလေးရှားအစိုးရပိုင် ပက်ထရိုနပ်စ် Petronas ကုမ္ပဏီအတွက် မြန်မာ့ရေပြင်တွင် ကမ်းလွန်ရေနံတွင်းများ တူးဖော်ပေးခဲ့သေးသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1472 guests online