ရန်ကုန်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံက ဖမ်းဆီးရရှိသော ကဏန်းများကို လေကြောင်းလိုင်းကပါ တင်ပို့ရောင်းချလျှက်
ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း ဖေဖေါ်ဝါရီ ၃ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၃ သန်းခန့် တင်ပို့ရောင်းချပြီးဖြစ်
ကြောင်းသိရသည်။
“ ကဏန်းတွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ လေကြောင်းလိုင်း နှစ်ခုကနေ တင်ပို့မှု ရှိနေပါတယ်။ ဘဏ္ဍာနှစ်အတွင်း
ဖေဖော်ဝါရီ ၃ရက်နေ့အထိ လေကြောင်းလိုင်းကနေ တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁၃သန်းခန့် ရရှိထားပြီး ဖြစ်ပါ
တယ် ” ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကဏန်းများကို လေကြောင်းလိုင်းဖြင့် တင်ပို့မှုပို ယခင်က ခွင့်မပြုသော်လည်း၊ ၂၀၁၀ ခုနှစ် နှစ်ပတ်လည်ခန့်က စ၍ စတင်ခွင့်ပြုခဲ့ သဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မှု ရှိနေခြင်း ဖြစ်သည်။
“ ကဏန်းတွေကို လေကြောင်းလိုင်းနဲ့ တင်ပို့တော့ အချိန်တိုတိုနဲ့ ၀ယ်သူဆီရောက်တယ်။ အသေအပျောက်နည်း
တယ်။ လတ်ဆတ်မှု ရှိတဲ့အတွက် ဈေးပိုရတယ်။ ဒါပေမဲ့ လေယာဉ်စရိတ်ကြောင့် မဖြစ်မနေမှပဲ လေကြောင်းလိုင်းကို အသုံးပြုပါတယ် ” ဟု ကဏန်းတင်ပို့သူ ဦးစိုးထွန်းက ပြောကြားသည်။
လက်ရှိ ကဏန်း တတန်လျှင် ပျှမ်းမျှ အမေရိကန် ဒေါ်လာ ၃၀၀၀ကျော်ခန့် ရရှိနေသည် ဟုဆိုသည်။
“ ကဏန်းတွေကို ကုန်ကြမ်းအတိုင်း တင်ပို့မှုထက် တန်ဖိုးမြင့် ထုတ်လုပ် တင်ပို့သင့်ပါတယ်။ မြန်မာနိုင်ငံက တင်ပို့တဲ့ ကဏန်းပျော့က ဈေးကွက်ရှိနေတဲ့အတွက် ပိုပြီး လုပ်သင့်တဲ့ ကိစ္စပါ ” ဟု ကဏန်းလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။
ထို့အပြင် ကဏန်းများမှာ သဘာဝမှ ဖမ်းဆီးတင်ပို့နေခြင်း ဖြစ်သဖြင့် တချိန်ချိန်တွင် သဘာဝရင်းမြစ်များ ကုန်ခမ်း
သွားနိုင်ကာ၊ သံယံဇာတ ထိန်းသိမ်းသည့်အနေဖြင့် ၁၀၀ဂရမ်အောက် ကဏန်းသေးများ တင်ပို့နေမှုအား ကိုယ်တိုင် အသိစိတ်ဓါတ်ဖြင့် ပြုပြင်သွားသင့်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ကဏန်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းများကလည်း တင်ပို့မှု ရှိနေရာ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီ ၃ရက်နေ့
အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၅.၇၄၆သန်း၊ မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၀.၀၁၅သန်း၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၀.၁၉၉သန်း၊
လေကြောင်းလိုင်းဖြင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂.၆၃၁သန်း၊ တန်ဖိုးမြှင့်ကုန် အဖြစ် ထုတ်လုပ်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၈.၃၀၈သန်း ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇.၃၈၃သန်း ရရှိခဲ့ပြီး ဖြစ်သည်။











