တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဒဂုံအရှေ့မြေကွက်များနှင့် သီလဝါ မြေကွက်များ အရောင်းအ၀ယ်ပြန်လိုက်နေ

ဒဂုံအရှေ့မြေကွက်များနှင့် သီလဝါ မြေကွက်များ အရောင်းအ၀ယ်ပြန်လိုက်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ)။      ။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ ဒဂုံအရှေ့မြေကွက်များနှင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်များ ထံကသိရသည်။

“ဇန်န၀ါရီလကုန်ပိုင်းနဲ့ ဖေဖော်ဝါရီ လဆန်းရက်တွေမှာ ဒဂုံအရှေ့ မြေကွက် ဝယ်ယူမှုများလာတာ တွေ့ရတယ်၊
ဈေးနှုန်းအနေနဲ့လည်း နည်းနည်း ကြွလာတယ်။ အမြင့်ဈေး တန်ဖိုးကြီး မိန်းလမ်းမတန်း မြေကွက်တွေထက် ကျပ်သိန်း ဆယ်ဂဏန်း မြေကွက်တွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္မဏီမှ ဦးသန်းဦးက ပြောသည်။

ဒဂုံအရှေ့ ရှိပေ ၄၀-၆၀ တကွက်လျှင် ကျပ် ၁၂ သိန်းမှ ၁၅ သိန်းခေါ် မြေကွက်များမှာ ယခုရက်ပိုင်းအတွင်း ကျပ် ၃ သိန်းမှ ၅ သိန်း အထိလည်းကောင်း၊ ယခင်ခေါ်ဈေး သိန်း ၃၀ ၀န်းကျင်နှင့် သိန်း ၅၀ အတွင်းရှိ မြေကွက်များမှာ ကျပ်သိန်း ၄၉ မှ ကျပ်သိန်း ၇၀ အတွင်း ဈေးတိုးမြှင့် ခေါ်ယူမှုရှိလာကြောင်း ဒဂုံမြေကွက် ဝယ်ရောင်းလုပ်နေသည့် ဦးသန့်စင်က ပြောသည်။

ထို့အပြင် ကျပ်သိန်းရာဂဏန်းတန် မြေကွက်ကြီးများထက် ကျပ်ဆယ်ဂဏန်းတန် မြေကွက် သုံးလေးကွက် ၀ယ်လာပြီး အိမ်ခြံမြေ ဈေးကွက်ကို တနိုင်ဝင်ရောက် ရင်းနှီးမြှပ်နှံလာတာ တွေ့ရသည်ဟု ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တဦးက သုံးသပ်ခဲ့သည်။

အလားတူ သီလ၀ါ အထူးစီးပွားရေးဇုန် အနီးပတ်ဝန်းကျင်ရှိ မြေကွက်များလည်း ၂၀၁၁ခုနှစ် နှစ်ကုန် ပိုင်းကဲ့သို့ ကြီးကြီးမားမား ရောင်းအားပြောင်းလဲမှု မရှိသေးသော်လည်း အရောင်းအဝယ်လိုက်သည့် အနေအထားတွင်ရှိနေသည် ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။

“ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မတ်လထဲမှာ လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည် ဖော်ကြမယ် ဆိုတဲ့သတင်းတွေနဲ့ အတူဈေးကွက် လှုပ်ရှားမှု ရှိနေပါတယ်၊ ဈေးနှုန်းလည်း လိုက်လာပါတယ်” ဟု
ကျောက်တံတားမြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

သီလ၀ါမြေကွက်အနီး ဘုရားကုန်းကျေးရွာ အနီးပတ်ဝန်းကျင်ရှိ စီမံကိန်းမြေကွက်များအား ယခင်က မသိရှိခဲ့သဖြင့် ဝယ်ယူခဲ့သူများလည်း  နေရာဖယ်ရှားခဲ့ ရမှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 98 guests online