ရန်ကုန် (မဇ္ဈိမ) ။ ။ လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာ့ပေါင်းဆန်ကို ပြည်ပနိုင်ငံများသို့ တန်ချိန် တသိန်းခန့် တင်ပို့နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်း ပြောဆိုသည်။
“ပေါင်းဆန်ကို တလ တန် ၂,ဝဝဝ လောက် ရှရုားကို တင်ပို့နေပါတယ်။ လက်ရှိ ထုတ်လုပ်နေတဲ့ စက်တွေအပြင်
နောက်ထပ် စက် ၁ဝ လုံးလောက်လည်း တပ်ဆင်ထုတ်လုပ်ဖို့ စီစဉ်နေတာကြောင့် လာမယ့်နှစ်မှာ တန် ၈ဝ,ဝဝဝ-၁ဝဝ,ဝဝဝ လောက် တင်ပို့နိုင်ဖွယ် ရှိပါတယ်” ဟု ဆန်စပါးအသင်းချုပ်မှ ဦးမျိုးသူရအေး က ပြောသည်။
စီးပွားဖြစ် ထုတ်လုပ်နေသော ပေါင်းဆန်စက်များမှာ ဘိုကလေးမြို့နယ်တွင် နှစ်လုံး၊ ဝါးခယ်မတွင် တလုံး၊ အိမ်မဲတွင် တလုံး၊ ကျိုက်လတ်တွင် တလုံး၊ စုစုပေါင်း ငါးလုံး ရှိထားသည်။
ထပ်မံတပ်ဆင်ရန် စီစဉ်ထားရှိမှုအနေနှင့် ပတ်သက်၍ “ဘိုကလေး၊ ဝါးခယ်မနဲ့ ကြို့ပင်ကောက်မြို့တွေမှာ တရက် တန် ၅ဝ ကျ ပေါင်းဆန်စက် တလုံးစီနဲ့ ပုသိမ်မြို့မှာ တရက် တန် ၂ဝဝ ကျ စက်တလုံး တည်ဆောက်နေတယ်။ ဘိုကလေးစက်က မကြာခင် စပြီး စမ်းသပ်လည်ပတ်တော့မယ်” ဟု ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးသောင်းဝင်း က မဇ္ဈိမကို သြဂုတ်လအတွင်းက ပြောခဲ့ဖူးသည်။
ထို့အပြင် ကျိုက်လတ်၊ ဇီးကုန်း၊ နတ်တလင်း၊ ကျုံပျော်နှင့် ရခိုင်ဒေသတို့တွင်လည်း ပေါင်းဆန် ထုတ်လုပ်ရန် စီစဉ်မှုများ ရှိနေသည်ဟု သိရသည်။
“ပေါင်းဆန် ထုတ်လုပ်တဲ့ အရည်အသွေးက ကမ္ဘာ့ဈေးကွက်မှာ ယှဉ်နိုင်တာ တွေ့ရတယ်။ လောလောဆယ် ရှရှားဈေးကွက်ကိုပဲ တင်ပို့နေပါတယ်။ ဒီထက် တိုးထုတ်နိုင်ရင် အခြား ဈေးကွက်ကိုလည်း တိုးချဲ့တင်ပို့နိုင်င်မှာပါ။
မြန်မာပေါင်းဆန် ရရှိတဲ့ ဈေးက အိန္ဒိယနဲ့ ပါကစ္စတန်ထက် ဈေးပိုရတယ်။ ထိုင်းထက် နိမ့်တဲ့ ဈေးနှုန်းအနေအထားမှာ ရှိနေပါတယ်” ဟု ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်း က ပြောသည်။
နိုင်ငံတကာဈေးကွက်တွင် ပေါင်းဆန် တတန်ဈေးမှာ ထိုင်းမှ ၅၆ဝ-၅၇ဝ ဒေါ်လာ၊ မြန်မာမှ ၅ဝဝ-၅၁ဝ ဒေါ်လာ၊ ပါကစ္စတန်မှ ၄၄ဝ-၄၅ဝ၊ အိန္ဒိယမှ ၄၃ဝ-၄၄ဝ ဒေါ်လာ ရှိသည်။
ပေါင်းဆန်ကို စပါးအခွံမချွတ်မီ ရေစိမ်၍ ဖိအားပေးပေါင်းကာ အခြောက်ခံပြီးမှ ပေါင်းရသည်။ ထို့ကြောင့် ပေါင်းဆန်ကို ချက်ပြုတ်ရာတွင် ဆန်ဖြူထက် အချိန်တိုတောင်းခြင်း၊ အာဟာရဓါတ် ပိုမိုရရှိခြင်း၊ ပိုမိုမာပြီး စက်ကြိတ်ခံခြင်း၊
စေးကပ်မှု နည်းခြင်း နှင့် အစားခံခြင်းတို့ကြောင့် အအေးပိုင်း ဒေသများနှင့် စစ်စခန်းများတွင် စားသုံးကြသည်ဟု သိရသည်။
ယခုအခါ ပေါင်းဆန်ကို ဘိုကလေး-အောင်ရတနာ ဆန်စက်မှ ၂ဝ၁၁-၁၂ တွင် တန် ၁,၅ဝဝ၊ ၂ဝ၁၂-၁၃ တွင် တန် ၃,ဝဝဝ၊ သုစိတ္တဆန်စက်မှ ၂ဝ၁၂-၁၃ တွင် တန် ၁,ဝဝဝ၊ ဒေးဒရဲမြို့နယ် အောင်တံခွန် ဆန်စက်မှ ၂ဝ၁၂-၁၃ တွင် တန် ၁,ဝဝဝ အထိ တင်ပို့သွားမည်ဟု သိရသည်။











