သတင်း ပြည်တွင်းသတင်း ကချင်ပြည်နယ် ဟိုပင်က အန်အယ်ဒီ ဒုဥက္ကဌဟောင်း ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဟိုပင်က အန်အယ်ဒီ ဒုဥက္ကဌဟောင်း ဖမ်းဆီးခံရ Print E-mail
ဖနီဒါ   
ကြာသပတေးနေ့၊ အောက်တိုဘာလ 04 2007 06:18 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် ဟိုပင်မြို့မှ အန်အယ်ဒီ ဒုဥက္ကဌဟောင်း ဦးခင်စိန်ကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့ညတွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ကာ ဖမ်းဆီးသွားခဲ့သည်။

ဟိုပင်မြို့ရှိ အန်အယ်ဒီ ဒုဥက္ကဌဟောင်း ဦးခင်စိန် (အသက် ၇၃ နှစ်) ကို စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၁ နာရီခန့်တွင် အထူး ရဲသတင်း တပ်ဖွဲ့၊ ခရိုင်ရဲ၊ ရယကအဖွဲ့ဝင် စုစုပေါင်း ၂ဝ ခန့်က ဧည့်စာရင်း စစ်မည်ဟု ဆိုကာ နေအိမ်အတွင်း ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ဧည့်စာရင်း စစ်မယ်ဆိုပြီး တံခါး လာခေါက်တယ်။ ကျမက တံခါး ဖွင့်ပေးလိုက်တာပေါ့လေ။ ‘ဘာစစ်မှာလဲ၊ ဧည့်စာရင်း စစ်မယ်ဆိုရင် အိမ်သားက ဘယ်နှစ်ယောက် ရှိပါတယ်’ လို့ ပြောတယ်။ ‘ဧည့်စစ်ရုံပဲလား’ လို့ မေးတော့ ‘မဟုတ်ဘူး၊ နဲနဲလေး မေးစရာ ရှိလို့ပါ’ ဆိုပြီး ခေါ်တယ်။ ကျမကလည်း သူတို့ရဲ့ မေးမြန်းစရာ ရှိတယ် ဆိုတာကတော့ ယုံရတာ မဟုတ်ဘူး။ ကိုယ့်ဆီက အကုန်ပြည့်စုံအောင် တဘက်တို့၊ အဝတ်အစားတွေ၊ ဆေးတွေပါ အကုန် ထည့်ပေးလိုက်တယ်လေ” ဟု မိသားစုဝင် တဦးက ပြောသည်။

ယခုအခါ ဦးခင်စိန်ကို ဟိုပင် ရဲစခန်း၌ပင် ထားရှိကာ လိုအပ်သည့် ဆေးဝါးများကို ရဲများမှတဆင့် ပို့ဆောင် နေရသည်ဟု သိရသည်။

ယခုလို ဖမ်းဆီးခံရခြင်းသည် ၃ ကြိမ်မြောက် ဖြစ်ကြောင်းနှင့် ယခင်ကလည်း ပုဒ်မ အမျိုးမျိုး တပ်ကာ အဖမ်းအဆီး ခံခဲ့ရဖူးကြောင်း သူက ပြောသည်။

“နာမည် ရှိထားပြီးသား ဆိုတော့လေ။ တနေ့နေ့ တချိန်ချိန်မှာ ဒီလိုမျိုး ကြုံရမယ်ဆိုတာ သိနေတယ်လေ။ ဒါလုပ်ရင် ဒါခံရမယ်ဆိုတာ သိပြီးသားပါ။ ကျမတို့လည်း တနေ့နေ့မှာ ကြုံရမယ်ဆိုတာ အကုန်လုံး အဆင်သင့် ပြင်ထားပါတယ်။ ကျမတို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုတော့လေ ဘာမှတော့ မခံစားရပါဘူး။ အခုက အန်အယ်ဒီတွေကို အဓိက ဖမ်းတယ် ဆိုတော့လေ။ အဲဒါကြောင့် အန်အယ်ဒီ သာမက နိုင်ငံရေး လုပ်တဲ့ လူမှန်သမျှက ကျမတို့ နိုင်ငံမှာ နေ့တိုင်း အမြဲလိုလို ကြုံတွေ့နေရတာပဲလေ” ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အန်အယ်ဒီ အဖွဲ့ဝင် ဦးနေဝင်း၊ ဒေါ်ငွေကြိုင်၊ ဦးညွန့်လှိုင်၊ ဦးလှမြင့်တို့ကိုလည်း ပြီးခဲ့သည့်လ နောက်ဆုံး အပတ်အတွင်းက ဒေသ အာဏာပိုင်များမှ ဖမ်းဆီး သွားခဲ့ကြောင်း မြစ်ကြီးနား ဒေသခံ တဦးက ပြောပြသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved