|
မိဘနှစ်ပါး အသတ်ခံရ၊ ၄ နှစ်အရွယ် ကလေးငယ် ကျန်ရစ် |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
သောကြာနေ့၊ သြဂုတ်လ 22 2008 18:44 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ သင်္ကန်းကျွန်းမြို့နယ်တွင် မိဘများ အသတ်ခံလိုက်ရပြီး ၄ နှစ်အရွယ် ကလေးငယ်သာ ကျန်ရစ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်တော်သာရပ် ပြည်သာယာလမ်းနေ ဦးသိန်းထွန်း (၄၄ နှစ်) နှင့် ဒေါ်သက်သက်ခိုင် (၄၁) နှစ်တို့သည် နေအိမ်တွင်ပင် ဓားဒဏ်ရာများနှင့် သြဂုတ်လ ၁၉ ရက်နေ့ နံနက်က သေဆုံးခဲ့သည်ဟု ရဲက ပြောသည်။
နေအိမ်ခြံဝင်းအတွင်း ငုတ်တုတ် ထိုင်နေသော သားငယ်ကို အိမ်နီးချင်းတဦး သတိပြုမိရာမှ နှစ်ထပ်အိမ်၏ အိမ်ပေါ်ထပ်တွင် သေဆုံးနေသော ကုန်သည် မိဘနှစ်ပါးကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟု သင်္ကန်းကျွန်း ရဲစခန်းက ပြောသည်။
နံနက် စောစောပိုင်းက သတ်သွားခဲ့ပြီး ခိုးယူ လုယက်ရာမှ အိမ်ရှင်များ နိုးလာ၍ နှုတ်ပိတ် သတ်ဖြတ်သွားခြင်း ဖြစ်နိုင်သည်ဟု ရဲက သုံးသပ်ထားသည်။
မနက်ဖြန် ၁၁ နာရီတွင် ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို ရေဝေးသုသာန်တွင် မီးသဂြိုလ်မှာ ဖြစ်သည်။
|