နယူးဒေလီ (မဇ္ဈိမ) ။ ။ ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း နယ်စပ် တောင်ကုတ်မြို့တွင် လူ ၁၀ ဦး အား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ အာဏာပိုင်များအနေနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းကို “ကြိုဆို” လိုက်ပြီး “မြန်ဆန် ထိရောက်စွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်” ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက “ချက်ချင်း
ကြေညာချက်”တခုကို သောကြာနေ့က ထုတ်ပြန် တိုက်တွန်းလိုက်သည်။
တောင်ကုတ် “အကြမ်းဖက်မှု” ကို ရှုံ့ချလိုက်ပြီး “ခန္တီစ တရားရှိရန်၊ အကြမ်းဖက်မှုကို ရှောင်ရန်၊ ခွဲခြားမှုမရှိဘဲ လေးစား ချစ်ကြည်မှုနှင့် ဘာသာရေး လွတ်လပ်ခွင့်ရှိရန် အားလုံးကို တိုက်တွန်းအပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။
သောကြာနေ့နံနက်မှာပင် ရခိုင်ပြည်နယ် မောင်တောမြို့၌ အစ္စလာမ်ဘာသာဝင် ၇၀၀ ခန့် ဆူပူမှုများ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်။ တည်းခိုခန်းတခု အပါအဝင် ကျေးရွာများလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။











