နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆက်သွယ်ရေး ကော်ပိုရေးရှင်းတခုဖြစ်သည့် Alcatel-Lucent က မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် အခွင့်အရေးများ ရှာဖွေနေကြောင်း သိရသည်။
ပြန်သစ်-အမေရိကန် ကုမ္ပဏီတခုဖြစ်သည့် Alcatel-Lucent ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ Rajeev Singh-Molares က ဘန်ကောက်မြို့တွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာစဉ် ရိုက်တာသတင်းဌာနကို ပြောဆို လိုက်ခြင်း ဖြစ်သည်။
“မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုတွေကို စိတ်ဝင်စားမှုများစွာနဲ့ ကျနော်တို့ စောင့်ကြည့် လေ့လာနေပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့နိုင်ငံမျိုးမှာ ဆက်လုပ်ဖို့ အခွင့်အလမ်းတွေ ဧရာမ တပုံကြီးရှိပါတယ်။ ဒါဟာ စက်မှုလုပ်ငန်းအတွက်သာ မဟုတ်ပါဘူး၊ ဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။
အနောက်တိုင်း ပိတ်ဆို့မှုများ လျှော့ချခြင်း အပါအဝင် မြန်မာပြည် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအနေဖြင့် “လုံးဝ အားတက်စေ”ခဲ့ပြီး ဆက်သွယ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံကိုလည်း အထူးကျယ်ပြန့်လာစေနိုင်မည်ဟု ၎င်းက ဆိုသည်။
တရုတ်ပြည်တွင် လူသိများသည့် Alcatel-Lucent Shanghai Bell အနေနှင့် လွန်ခဲ့သောနှစ်များစွာက မြန်မာပြည်တွင် GSM ကွန်ယက် တည်ထောင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ရကြောင်း Alcatel-Lucent ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ Rajeev Singh-Molares က ပြောသည်။











