နေပြည်တော် (မဇ္ဈိမ) ။ ။ မေလ ၂ ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး များတွင် တက်ရောက်ကျမ်းကျိန်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော် သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အပ ကျန်NLD လွှတ်တော်ကိုယ်စားလှယ် အားလုံး နံနက်ပိုင်းက နေပြည်တော်သို့
ရောက်ရှိလာကြပြီး နေပြည်တော် ရုံးအမှတ် ၂၀ (လွှတ်တော်ရုံး) တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ခြင်း၊ အသုံးစရိတ်ဆိုင်ရာ စာရင်းအင်းများ စသည့် ရုံးလုပ်ငန်းကိစ္စများကို ပြုလုပ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အစိုးရရုံးပိတ်ရက် ဖြစ်သော်လည်း NLD ကိုယ်စားလှယ်များ၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော် ရုံးအမှတ် ၂၀၊ လွှတ်တော်ရုံးက လက်ခံပြုလုပ်ပေးခဲ့သည်။
NLD ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ မေလ ၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ လာရောက်ပြီး ပြည်သူ့လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်
ဖြစ်သည်။
မေလ ၂ ရက်တွင် လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်
နှင့် NLD ကိုယ်စားလှယ်များသည် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
လက်ရှိတွင် NLD ကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည်
နေပြည်တော် စည်ပင် တည်းခိုရိပ်သာတွင် တည်းခိုနေကြသည်။











