ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘောဇ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် တစီးသည် သောကြာနေ့ နံနက်
ဒေသစံတော်ချိန် ၁၁:၃ဝ ခန့်တွင် သံတွဲမြို့ မဇင် လေဆိပ်သို့ ဆင်းသက်ရာ လေယာဉ်ဘီး ချမရသဖြင့် ပြေးလမ်း
ဘေးသို့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တောင်ပံတဖက် ကျိုးပဲ့သွားရသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။
“လေယာဉ်ဘီး ချလို့မရလို့ မြက်တောထဲကို ဆင်းလိုက်ရတယ်။ မြက်တောထဲဆင်းပြီး သဲပုံနဲ့ တိုက်မိပြီးတော့ ရပ်သွားတယ်” ဟု သံတွဲမြို့ခံ ကိုအောင်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၅ဝ ကျော်ခန့် လိုက်ပါလာပြီး ခရီးသည်များ အထိအခိုက်မရှိဟုလည်း “ကြီးကြီး ကျယ်ကျယ်တော့ ဘာမှ မဖြစ်ပါဘူး။ ခရီးသည်တွေလည်း အထိအခိုက် မရှိပါဘူး။ မီးလောင်တာလည်း မဖြစ်ပါဘူး” ဟု အထက်ပါ သံတွဲမြို့ခံက မဇ္ဈိမကို ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းအသေးစိတ်နှင့် အတည်ပြုချက် ရယူရန် မဇ္ဈိမက သံတွဲလေဆိပ်သို့ ဆက်သွယ် စုံစမ်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
ကမ္ဘောဇ လေကြောင်းကို ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ပြီး လေကြောင်းကို ၂ဝ၁၁ ခုနှစ် ဧပြီလ အတွင်း ၁ ရက်နေ့မှစ၍ ပြည်တွင်းမြို့များသို့ ပျံသန်းပေးနေခြင်း ဖြစ်သည်။







