နယူးဒေလီ (မဇ္စျိမ) ။ ။ “ပြည်သူတွေကို အေးမြတဲ့ အရိပ်အောက်ကို ပို့ပေးဖို့ဟာ ကျမတို့ရဲ့ တာဝန် ဖြစ်တယ်” ဟု တနင်္လာနေ့က ပြုလုပ်သော ဗေဒါသင်တန်း ကျောင်းဆင်းပွဲနှင့် ဗေဒါစာကြည့်တိုက် ဖွင့်ပွဲ အခမ်းနားတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
အပတ်စဉ်(၈) နိုင်ငံရေးသိပ္ပံ သင်တန်းဆင်းပွဲနှင့် ဗေဒါကျောင်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းပြင်ပ
ရောက်ရှိနေကြသည့် ပရိသတ်အား ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ငါးမိနစ်ခန့် ကြာ မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတနိုင်ငံရဲ့ အဓိက ရတနာတွေဟာ ပြည်သူတွေပါပဲ။ ပြည်သူတွေ တန်ဖိုးရှိမှ နိုင်ငံဟာ တန်ဖိုးရှိမှာပါ။ ကျမတို့ ဟာ သဘာဝ သံယံဇာတပစ္စည်းတွေကို အားမကိုးပါဘူး။ ပြည်သူတွေကိုပဲ အားကိုးပါတယ်။ ဒါကြောင့် ကျမတို့
ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို အထူးအလေးထားပါတယ်။ ဒီပြည်သူတွေဟာ ကျန်းမာရမယ်။ ပညာတတ် ရမယ်။ ဒါမှလဲ ကျမတို့ရဲ့ နိုင်ငံကို ထူထောင်နိုင်မယ်၊ တိုးတက်အောင်လုပ်နိုင်မယ်။ အဲဒီလိုလုပ်နိုင်မှ ကျမတို့
ပြည်သူတွေလဲ စိတ်ချမ်းသာနိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ကိုယ်ကိုယ်တိုင် တည်ဆောက် နိုင်တဲ့
ပြည်သူတွေ ဖြစ်စေချင်တယ်။” ဟု သူ၏ မိန့်ခွန်းတွင် ပါရှိသည်။
အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ် ၄၅၃ သုမနလမ်း၊ ၁၆/(၃) ရပ်ကွက် ဗေဒါသင်တန်းကျောင်းတွင် နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ ပြုလုပ်ခဲ့ပြီး NLD မှ ထိန်းတန်း ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် ပညာရေး ကွန်ယက်နှင့်
ဗေဒါကွန်ယက်မှ လူငယ်အများအပြား တက်ရောက်ခဲ့ကြသည်။
နိုင်ငံရေး သိပ္ပံသင်တန်းမှ သင်တန်းသူ၊ သင်တန်းသား ၃၀ ဦးနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်း သင်တန်းမှ သင်တန်း သား ၁၅ ဦးတို့အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ဗေဒါသင်တန်းတွင် တက်ရောက်နေကြသော လူငယ်များနှင့် ပတ်သက်၍ ဒေါ်စုက “အခု ဗေဒါ သင်တန်းမှာ ကျမ
တို့ လူငယ်တွေဟာ ပညာတိုးတက်ရေးအတွက် လုပ်နေတာကိုတွေ့ရတဲ့ အခါကျတော့ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့် တင်နိုင်တဲ့ လူငယ်တွေဖြစ်မယ့်လမ်းကြောင်းပေါ်ကို ရောက်သွားပြီဆိုတာမြင်လို့ ကျမတို့ အင်မတန်မှ အားရပါ
တယ်။” ဟုလည်း ပြောကြားခဲ့သည်။
ဗေဒါသင်တန်းကျောင်းတွင် နိုင်ငံရေး သိပ္ပံသင်တန်းများကို အပတ်စဉ်များဖြင့် တလခွဲဖွင့်လှစ် ပို့ချပေးလျက်ရှိပြီး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) ဖွဲ့စည်းနည်း၊ ဖွဲ့စည်းပုံများကိုလဲ ရက်တို သင်တန်းများပေးပြီး သင်ကြားပို့ချ လျက်ရှိသည်။
“နိုင်ငံရေးကို တကယ်သိ၊ တကယ် ကျွမ်းကျင်နေမှဗျာ့။ တလခွဲသင်တန်းမှာတော့ အစပျိုးပေါ့ဗျာ။ သူတို့တွေကို စိတ်ဓါတ်လေး ထည့်ပေးလိုက်တာပေါ့။ ဆက်ပြီးတော့ လေ့လာကြမယ်။ ပြီးလို့ရှိရင် နိုင်ငံခြားကနေ ဘွဲ့တွေ ဒီဂရီ တွေယူကြမယ် ဆိုတဲ့ အဆင့်ထိဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဗေဒါ သင်တန်းကျောင်း အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမျိုးရန်နောင်သိန်းက မဇ္စျိမကို ပြောသည်။
အဆိုပါ သင်တန်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီဝင်များမှ လူရွေးချယ်ကာ ပို့ပေးပြီး သင်တန်း တက်ကြစေသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်း ဖွဲ့စည်းနည်း၊ ဖွဲ့စည်းပုံ နည်းနာ သင်တန်းများကို လူကြီးပိုင်းများ
သာ အများဆုံး တက်ရောက် သင်ကြားလျက် ရှိကြသည်။
စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အပတ်စဉ်တိုင်း ပြင်ပမှ စီးပွားရေးပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များ
နှင့် ဝါရင့် နိုင်ငံရေး သမားဟောင်းကြီးများကလည်း သင်တန်းသူ၊ သင်တန်းသားများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ကာ သင်တန်းများ ပို့ချပေးသည်။
ဗေဒါကျောင်းဖွင့်လှစ်ရခြင်းနှင့် ယခုလို့ သင်တန်းများ ပို့ချပေးရခြင်း ရည်ရွယ်ချက်များကို ကိုမျိုးရန်နောင်သိန်းက “အစိုးရကို မုန်းတီးတာတခုတည်းတင် နိုင်ငံရေးမဟုတ်တော့ဘူး၊ အစိုးရကို အတိုက်အခံလုပ်တာ၊ ထောင်ကျခံ တာတခုတည်းနဲ့တင် နိုင်ငံရေးလုပ်တာ မဟုတ်တော့ဘူး၊ ကျနော်တို့ ကိုယ်တိုင်ကလည်း ထောင်ကျခံခဲ့တယ်။ ဒါပေမယ့်လည်း အခြေအနေအားလုံးနဲ့ နိုင်ငံရေးကို သိရှိနားလည်ပြီးတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို စနစ်တကျ လုပ်တတ်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီအတွက်ကို ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ မြန်မာပြည် နိုင်ငံရေး
ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့အတွက်ကို ရည်ရွယ်ပါတယ်” ဟု ပြောသည်။
အထက်မြန်မာပြည် ကျောင်းခွဲအဖြစ် မန္တလေးမြို့တွင် ကျောင်းခွဲတခု ဖွင့်လှစ်ကာ လာမည့် နိုဝင်ဘာလ ခုနှစ်ရက်
နေ့တွင် သင်တန်းများပို့ချပေးမည်ဟုလည်း သူက ဆိုသည်။
ဗေဒါသင်တန်းကျောင်းကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ (၂ဝ) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသိပ္ပံ သင်တန်းများကို ပို့ချလာခဲ့သည်မှာ ယခုသင်တန်းဆင်းပွဲနှင့် ဆိုလျှင် အပတ်စဉ် ရှစ်ခုထိ ရှိပြီဖြစ်သည်။
သင်တန်းစဖွင့်ချိန်က အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဗေဒါသင်တန်းကျောင်းကို နေရာအမျိုးမျိုး ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြရသည်။










