တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အဝေးရောက် ပင်စင်စားများ ထောက်ခံစာ ခက်ခဲ

အဝေးရောက် ပင်စင်စားများ ထောက်ခံစာ ခက်ခဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။ ။ တိုးမြှင့်ပင်စင်လစာ ထုတ်ယူရန် မိခင်ဌာနထံမှ ထောက်ခံချက်ယူရန်အတွက် မိခင်ဌာနနှင့် အလှမ်းကွာဝေးသည့် အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ပြီးဖြစ်သော ပင်စင်စားများ သွားလာရေး ခက်ခဲနေသည်။

‘‘ပင်စင်က ဟို (အခြားမြို့တမြို့) က ယူလာတယ်ဆိုတော့ အခု အဲဒီက ထောက်ခံချက်လက်မှတ် တောင်းတယ်။
 ပြန်ယူဖို့က အဆင်မပြေဘူး။ လေယာဉ်စရိတ် အရမ်းကြီးတယ်၊ ကားနဲ့လည်း မသွားနိုင်တော့ဘူး။ ဒီပင်စင်ကို ၁၉၉၆ ခုနှစ်ကတည်းက ထုတ်လာတာ။ အခုမှ မိခင်ဌာနရဲ့ ထောက်ခံချက် ပြန်ယူခိုင်းတယ်ဆိုတော့ ပင်စင်စားတွေကို မယုံတော့ဘူးလား” ဟု တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ပညာရေးဌာနမှ အငြိမ်းစား ပင်စင်စားတဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ဘဏ်ဝန်ထမ်း အငြိမ်းစားတဦးကလည်း “အရင်က ဆောင်ရွက်ပေးခဲ့တာတွေ၊ Register တွေ ရှိနေတာပဲ။ တနည်းအားဖြင့် မှတ်ပုံတင်ဆိုရင်လည်း မှတ်ပုံတင်နံပါတ် ရှိသလို ပင်စင်စာအုပ်မှာလည်း နံပါတ်ရှိတာပဲ။ ဒါတွေအကုန်လုံးကို မိခင်ဌာနမှာရော၊ ရုံးချုပ်၊ ပင်စင်ဦးစီးနဲ့ ထုတ်ယူခဲ့တဲ့ ဘဏ်တွေမှာ အထောက်အထား အကုန်ရှိပါတယ်။ ထောက်ခံချက်ယူရမယ့် စရိတ်နဲ့ ရမယ့်ပင်စင်လစာနဲ့ အကြွေးတောင် ထပ်တင်ဦးမယ်။ … ဒါတွေကို ပြန်စဉ်းစားပေးသင့်ပါတယ်” ဟု ဆိုသည်။

တိုးမြှင့်ပင်စင်လစာအတွက် ပင်စင်ဦးစီးဌာနက ထုတ်ပေးသည့် ပုံစံအား ဖြည့်စွက်၍ မိခင်ဌာန၏ ထောက်ခံလက်မှတ် ရယူပြီး ပြန်လည်ပေးပို့မှသာ လစာငွေ ထုတ်ယူနိုင်မည်ဖြစ်သည်။

“တိုးမြှင့်ပင်စင်အတွက် မိခင်ဌာနကို သွားပြီး ထောက်ခံချက်လက်မှတ် သွားပြန်ယူရမယ်။ ပင်စင်စားကိုယ်တိုင် မသွားနိုင်ရင် လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ကိုယ်စားတဦး သွားယူလို့ ရပါတယ်” ဟု ရန်ကုန် ပင်စင်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးကမူ ပင်စင်စား သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝကို စာနာ နားလည်သင့်သည်ဟု ဆိုသည်။

“မိမိတို့မှာ ရှိပြီးသား ဖိုင်တွေနဲ့ တိုးတဲ့ပင်စင်လစာတွေကို တွက်ချက်ပြီး သက်ဆိုင်ရာဌာနတွေ ပြန်ပေးပို့ခြင်းအားဖြင့်၊ ဇူလိုင်လကုန် ၃၁ ရက်နေ့ အသင့်ထုတ်နိုင်ဖို့ ကူညီခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမယ်ဆိုရင် ရလဒ်ကောင်းတခုနဲ့ အေးချမ်းသွားနိုင်မယ်လို့ ထင်ပါတယ်။ မိခင်ဌာန ပြန်သွားရမယ်ဆိုတာ မဟုတ်သေးဘူး။ နာဂစ်မုန်တိုင်း ဖြစ်ခဲ့တဲ့ ဒေသတွေက ပင်စင်စားတွေဆိုရင်၊ မိခင်ဌာနမှာ ဘာအထောက်အထားမှ မရှိခဲ့တဲ့
 ဒေသတွေက ပင်စင်စားတွေဆိုရင် မိခင်ဌာနမှာ ဘာအထောက်ထားမှ ရှိတော့တာ မဟုတ်ဘူး။ ဒါ မှတ်ပုံတင်တခု လုပ်နေတာ မဟုတ်ပါဘူး’’ ဟု သူက ပြောသည်။

ပင်စင်လစာ တိုးမြှင့်ကြောင်းကို ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဇွန် ၃၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၁၊ အမိန့်အမှတ် (၁၀၇/၂၀၁၁) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1450 guests online