တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကန် မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံခွင့်တောင်း

ကန် မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံခွင့်တောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံး ဒုတိယအကြီးအကဲဖြစ်သူ သံမှူးကြီး ဦးကျော်ဝင်းသည် တနင်္လာနေ့တွင် ၎င်း၏ တာဝန်များကို စွန့်လွှတ်ကာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်သည်ဟု လွတ်လပ်သောမြန်မာ့အသံ သတင်းတရပ်အရ သိရသည်။
 
‘‘ဒီမိုကရေစီ လုပ်ငန်းစဉ်အဖြစ် ရွေးကောက်ပွဲတခု ကျင်းပခဲ့တာ မှန်ပေမယ့် လက်တွေ့မှာ တပ်မတော်ကပဲ အာဏာကို အကြွင်းမဲ့ ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက် လက်ရှိ အုပ်ချုပ်ရေး စနစ်အောက်မှာ ဒီမိုကရေစီ ပြောင်းလဲရေးကို အရိပ်အယောင်မျှ မြင်တွေ့ရခြင်း မရှိ’’ ဟု ဦးကျော်ဝင်းက RFA မြန်မာပိုင်း အစီအစဉ်နှင့် သီးသန့် မေးမြန်းခန်းတွင်
 ပြောဆိုသွားခဲ့သည်။ 
 
“ မြန်မာအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ”  နိုင်ငံခြားရေးဌာနတွင် ၁၉၈ဝ ခုနှစ်မှစ၍ အမှုထမ်းခဲ့သည့် ၅၉ နှစ်အရွယ် သံမှူးကြီးက ဆိုသည်။

ဦးကျော်ဝင်းသည် ဝါရှင်တန် သံရုံးတွင် ၂ဝဝ၈ ခုနှစ် မတ်လမှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။
 
“ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါ စီးပွားရေးသမားတွေကို အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့မှုကို
 ထောက်ခံပြီး၊ အဲဒီပိတ်ဆို့မှုဟာ များစွာ အကျိုးသက်ရောက်နိုင်ကြောင်းနဲ့ မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
 နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့နိုင်အောင် အမေရိကန်က ကမကထပြု အကောင်အထည် ဖော်သင့်တယ်’’ ဟု RFA တွင် ဦးကျော်ဝင်းက ပြောကြားသည်။ 

သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှု တိုးချဲ့သင့်သည်ဟု သူက ထောက်ခံထားသည်။
 
ဦးကျော်ဝင်းမှာ စပိန်၊ ဆွစ်ဇာလန်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံရှိ မြန်မာသံရုံးများတွင် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

သူ့အရင်  ၂ဝဝ၅ ခုနှစ်ထဲတွင် မြန်မာသံအရာရှိ ဦးအောင်လင်းထွဋ်လည်း အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်
 တောင်းခံခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1453 guests online