ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် ယခုရက်ပိုင်း အင်တာနက် လိုင်းမြန်နှုန်း အလွန်ကျဆင်းနေရာ ၅ သိန်း CDMA 800 MHZ ဖြင့် အသုံးပြုသော EVDO အင်တာနက် စနစ်များပါ အသုံးပြုမရဘဲ အခက်ကြုံနေသည်။
အင်တာနက်လိုင်းများ ယခင်နှစ်များထက် ပိုမိုနှေးကွေးနေရာ ခရီးသွား ကုမ္ပဏီများ၊ ဟိုတယ်များ၊ သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီများ၊ အင်တာနက်ဆိုင်များ၊ မီဒီယာလုပ်ငန်းများနှင့် အိုင်တီစီးပွားရေး လုပ်ငန်းများတွင် များစွာ အခက်အခဲ ဖြစ်နေသည်။
ထို့ပြင် လူသုံးများသော ဂျီမေးလ် နှင့် ဖေ့စ်ဘွတ်များကို ပိတ်ပင်ထားပြီး မည်သည့် ဝဘ်က်ဆိုက်သို့ သွားသည်ဖြစ်စေ ရတနာပုံ ပေါ်တယ်ဆိုက်သာ ပေါ်လာသည်။
‘‘ဘယ်ဝဘ်က်ဆိုက်ခေါ်ခေါ် သူတို့ ရတနာပုံ ဝဘ်က်ဆိုက်ကြီး ပေါ်ပေါ်လာတာ တော်တော့်ကို စိတ်အနှောင့်ယှက် ဖြစ်တယ်။ ဘာနဲ့တူလဲဆိုတော့ သွားချင်တာ ကျောက်တံတား၊ ဒါပေမဲ့ သူက တာမွေကို အတင်းလိုက် ပို့နေတာနဲ့ တူတယ်။ … လိုင်းတွေ ကျရတဲ့အထဲ အဲဒါကြီး ပေါ်ပေါ်လာတော့ ဒေါသဖြစ်ရတယ်ဗျ’’ ဟု EVDO အသုံးပြုသူ တဦးက ပြောသည်။
ဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ ရတနာပုံက တဆင့်ခံသုံးရသည်။
CDMA 800 MHZ ဖုန်းဖြင့် အင်တာနက် သုံးပါက ကျပ် ၃ သောင်း မြန်မာ့ဆက်သွယ်ရေးရုံးကို တရားဝင်ပေးသွင်းရန် သတ်မှတ်ထားသော်လည်း ဖုန်းဆိုင်များမှ ဝန်ဆောင်ကြေးပါ ထည့်သွင်းသဖြင့် ကျပ် တသိန်းခန့် ကုန်ကျသည်။
မည်သည့်အတွက်ကြောင့် လိုင်းများ နှေးကွေးရသည်ကို မြန်မာ့ဆက်သွယ်ရေးကလည်း ယနေ့ထိ တရားဝင် မပြောဘဲ DDos အတိုက်ခံရခြင်း သို့မဟုတ် ဆာဗာများ ပြုပြင်နေခြင်းကြောင့်စသည်ဖြင့်သာ အသုံးပြုသူများကြား သတင်းပြန့်နေသည်။







