ဘန်ကောက် (မဇ္ဈိမ)။ ။ ချင်းပြည်နယ် ဟားခါးမြို့တွင် ဝမ်းပျက် ဝမ်းလျှောဖြစ်သူ ၅၈ ဦး ဆေးရုံတက် ကုသနေကြောင်း စုံစမ်း သိရှိရသည်။
“မနေ့ည အထိတော့ ၅၈ ယောက် ရှိတယ်၊ ယောင်္ကျားလေးက ၂၇၊ မိန်းကလေးက ၃၁ ပါ” ဟု ဟားခါး မြို့နယ်ဆေးရုံမှ တာဝန်ကျ ဆရာမက မဇ္ဈိမကို ပြောသည်။
မြို့ပေါ် ရပ်ကွက် အသီးသီးမှ လူနာများဖြစ်ပြီး သောက်သုံးရေ သန့်စင်မှုရှိကြောင်းနှင့် ကုသ၍ ပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားသူ လူနာ ၅ ဦးခန့်ရှိကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုန်မြို့သစ် တောင်၊ မြောက်နှင့် အရှေ့ပိုင်းများတွင်လည်း ပြီးခဲ့သည့် လမှစကာ လူပေါင်း ၁၃၅ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်များအတွင်း အရေးပေါ်ဆေးခန်းများ ဖွင့်လှစ်ထားကြောင်း ရန်ကုန် သတင်းများအရ သိရသည်။ အဆိုပါဖြစ်ပွားမှုကြောင့် ဒဂုန်မြို့သစ်တောင်ပိုင်း ၁၉ ရပ်ကွက်ရှိ ကလေးငယ်တဦး ဆုံးပါးသွားခဲ့သည်။
အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ အပူ လွန်ကဲခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ နှာစေးချောင်းဆိုးနှင့် အဆုတ်အအေးမိ စသည့် ရောဂါများဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။







