တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရပ်ထားသည့်ကား မီးထလောင်

ရပ်ထားသည့်ကား မီးထလောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်တွင် ရပ်ထားသည့် ကားတစီးမှ အလိုအလျောက် မီးထလောင်သည့်ဖြစ်ရပ် ယနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) အမှတ်တံဆိပ်ပါ ယာဉ်အမှတ် (၄က/၉၈၇၃) တိုယိုတာ ဟိုင်းအေ့စ် ကားသည် ပန်းပဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းနှင့် ၃၁ လမ်းထိပ် အနော်ရထာလမ်းမကြီး၏ ဝဲဘက်ခြမ်းတွင် စက်ရပ်နားထားစဉ် ညနေ ၄ နာရီ ၂ဝ မိနစ်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

အလုံပိတ် ကားအတွင်းမှ မီးခိုးနှင့် မီးတောက်များ ထွက်လာသဖြင့် အနီးဝန်းကျင်မှ လူများက အခင်းဖြစ်ပွားရာ နေရာမှ ကိုက်အနည်းငယ်သာ ကွာဝေးသော ဆူးလေဘုရားလမ်းရှိ ဗဟိုမီးသတ်တပ်ဖွဲ့ရုံးသို့ အကြောင်းကြားခဲ့ရာ ဗဟိုမီးသတ်မှ မီးသတ်ယာဉ်အမှတ် (ဏ/၅၈၃၉) လာရောက်ငြှိမ်းသတ်ပေးခဲ့သည်။

ရန်ကုန်မြို့လည် လူစည်ကားရာ နေရာဖြစ်သဖြင့် ဝိုင်းအုံကြည့်ရှုသူများကြောင့် အနော်ရထာ လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

ယာဉ်မှာ စက်သတ်ထားသော်လည်း ဘက်ထရီအိုး၏ အပူရှိန်ထိန်းသည့်စနစ် ချို့ယွင်းမှုကြောင့် ဝါယာရှော့ခ် ဖြစ်ပွားကာ မီးထလောင်ခြင်းဖြစ်ကြောင်း ယာဉ်စစ်ဆေးခဲ့သည့် ဗဟိုမီးသတ်မှ မီးသတ်အရာရှိ ဦးစိုးဝင်းက ပြောဆိုသည်။

မီးသတ်ကားက မီးငြှိမ်းသတ်အပြီး ပြန်လည်ထွက်ခွာချိန်အထိ ယာဉ်မောင်းသူကို ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် အဆိုပါ မီးလောင်ကျွမ်းသော ကားကို နယ်မြေခံ နယ်ထိန်းနှင့် ရပ်ကွက် အာဏာပိုင်များက  ထိန်းသိမ်းထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1525 guests online