ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းရှိ ဆယ်ကျော်သက် ၃ဦးနှင့် ကလေး ၂ ဦးထံမှ A (H1N1) တုတ်ကွေးပိုး ထပ်မံတွေ့ရှိသဖြင့် ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉ ဦးရှိသွားပြီဖြစ်ကြောင်း စခန်း ကျန်းမာရေး တာဝန်ရှိသူက ပြောသည်။
ရောဂါပိုးကို စခန်းအတွင်း၌ ယခင်လ ၅ရက်မှ စတင် တွေ့ရှိခြင်းဖြစ်ပြီး ထပ်မံတွေ့ရှိ ၅ ဦးကိုမူ ယခုလ ၁၆ ရက်နေ့တွင် ၎င်းတို့၏ နှာရည်များကိုယူပြီး မဲဆောက်မြို့ဆေးရုံ၌ စစ်ဆေးရာမှ ၂၁ ရက်နေ့တွင် ပိုးတွေ့ရှိ ခြင်းဖြစ်သည်။
ရောဂါပိုး ထပ်မံတွေ့ရှိသူများမှာ ၁၆ နှစ်၊ ၁၅ နှစ်၊ ၁၃ နှစ်၊ ၄ နှစ်၊ ၃ နှစ်အရွယ်ရှိ ယောက်ကျာင်္းလေးများ ဖြစ်သည်။
“အခုကတော့ ကလေးတွေက အခြေအနေကောင်းပါတယ်။ အလယ်အလတ်အဆင့်၊ နှာစီးချောင်းဆိုး အဆင့်ပါဘဲ။” ဟု ဆေးမှူး စောနေစန်က မဇ္စျိမကို ပြောသည်။
တုတ်ကွေးရောဂါ ကူးစက်ခံရသူ ကလေး မိဘများကိုလည်း ကလေးများ ချောင်းဆိုးသည့်အခါ လက်ကိုင်ပုဝါ အသုံးပြု ကာကွယ်စေရန် ပညာပေးထားကြောင်း သူကဆက်လက် ပြောဆိုသည်။
မယ်လ စခန်းအတွင်း၌ ယခုအခါ ရပ်ကွက်အလိုက် ပညာပေးမှုများ ပြုလုပ်နေသည်။ ရောဂါပိုး တွေ့ရှိသူများ နှင့် မိဘများကို နှာခေါင်းစည်းများ ပေးဝေသော်လည်း စခန်းအတွင်း နေထိုင်သူ အားလုံးကိုမူ ပေးဝေနိုင်ခြင်း မရှိသေးကြောင်း ဆေးမှူး စောနေစန်က ပြောသည်။
ကရင်ဒုက္ခသည် အများစုနေထိုင်ရာ ထိုင်း-မြန်မာနယ်စပ်မှ လူဦးရေ ၄ သောင်းခန့်ရှိသည့် မယ်လစခန်းတွင် ယခုကဲ့သို့ A (H1N1) တုတ်ကွေး ရောဂါတွေ့ရခြင်း ဖြစ်သည်။







