မဇ္ဈိမ (ချင်းမိုင်)။ ။ ပရော်ဖက်ရှင်နယ်ပုံစံ ပြောင်းလိုက်ပြီးနောက် မြန်မာနေရှင်နယ်လိဂ် - MNL ၏ ပထမဦးဆုံး ပတ်လည်ကစား အမှတ်ပေးပြိုင်ပွဲ ကွင်းဖွင့်ပွဲများကို ရန်ကုန်နှင့် မန္တလေးတွင် သီးခြား ကျင်းပသွားမည် ဖြစ်သည်။
မန္တလေးမြို့ ဗထူးကွင်းဖွင့်ပွဲ၌ ဗွေဆော်ဦးပွဲစဉ်အဖြစ် ရတနာပုံအသင်းနှင့် ကမ္ဘောဇအသင်းတို့ မနက်ဖြန်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ရန်ကုန်အက်ဖ်စီနှင့် ဒယ်လ်တာကလပ်တို့ စက်တင်ဘာ ၆ ရက်နေ့တွင် ယှဉ်ပြိုင်သွားကြမည်။
ဗထူးတွင် စိုင်းစိုင်းခမ်းလှိုင်၊ Little ကောင်းမြတ်၊ အိမ့်ချစ်၊ စန္ဒီမြင့်လွင်၊ ဂျင်းနီ၊ သီရိဆွေ၊ DJ သော်သော်တို့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး၊ ကံစမ်းမဲအစီအစဉ်များလည်း ထည့်သွင်းမည်ဟု သိရသည်။
ကံစမ်းမဲများကို ဘောလုံးများပေါ်တွင် ရေးသား၍ ပရိသတ်များထံ ကန်ပို့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။
“တီဗီတို့၊ ရေခဲသေတ္တာတို့၊ အဝတ်လျှော်စက်တို့ တန်းဖိုးကြီး ပစ္စည်းတွေကို ပေးမှာပါ။ ဘောလုံးထဲကို ကံစမ်းမဲ နံပါတ်ထည့်ပြီး ပရိသတ်ထဲကို ဘောလုံး အလုံး ၁ဝဝ ကန်ပေးမှာပါ။ ဘောလုံးအဖွဲ့ချုပ်က လုပ်မှာပါ။ ရန်ကုန်မှာလည်း အတူတူပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။
ပြိုင်ပွဲဝင်ကြေးလက်မှတ်ဈေးနှုန်းမှာ ကွင်းနှစ်ကွင်းလုံးတူညီပြီး အထူးတန်း ၁ဝဝဝ ကျပ်နှင့် ရိုးရိုးတန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။
သုဝဏ္ဏကွင်းဖွင့်ပွဲ၌မူ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး၊ Little ကောင်းမြတ်၊ ဖြူဖြူကျော်သိန်း၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်၊ ပြည့်ဖြိုးခိုင်၊ သိရိဆွေတို့က DJ ဖြင့်သာ တွဲဘက်ဖျော်ဖြေကြမည်ဖြစ်သည်။
MNL တွင် အသင်းပေါင်း ၈ သင်းပါရှိပြီး တသင်းလျှင် ပွဲစဉ် ၁၄ ပွဲ ကစားသွားကြမည်ဖြစ်ကာ အမှတ်အများဆုံးအသင်းက ချန်ပီယံဖလားကို ဆွတ်ခူးမည်။ အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲရှိသည့်အတွက် ပထမအကျော့နှင့် ဒုတိယအကျော့ခွဲ၍ ပြိုင်ကြမည်ဖြစ်ရာ လာမည့် နိုဝင်ဘာလ ၉ ရက်နေ့မှသည် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ SEA Game အတွက် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်နိုင်ရန် ပွဲနားထားမည်ဖြစ်သည်။







