တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ထိုင်းသွားချင်သူများ ကော့သောင်းတွင် ဘတ် ၃ ထောင်ထိ ပေးရ

ထိုင်းသွားချင်သူများ ကော့သောင်းတွင် ဘတ် ၃ ထောင်ထိ ပေးရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများက ကော့သောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူပွဲစားများအား ဘက်ငွေ ၃၀၀၀ ထိ ပေးနေရသည်။

ကော့သောင်း တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်ခြင်း မပြုနိုင်ရန် အာဏာ ပိုင်များက ဖွဲ့ထားသော တားဆီးရေးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း မခံရစေရန် ပွဲစားများမှ တဆင့် လဝက၊ ရဲတို့ကို ငွေပေးနေရခြင်းဖြစ်သည်။

“ပွဲစားကနေပြီးတော့ တဆင့်ပေးရတယ်။ လဝကတို့၊ ရဲတို့၊ ဌာနဆိုင်ရာတွေပေါ့။ တားဆီး အဖွဲ့ထဲမှာ ပါတဲ့လူတွေပေါ့ဗျာ။ တားဆီးတဲ့အခါ များသောအားဖြင့်တော့ မှတ်ပုံတင်နံပါတ် ၁၁/ တို့ ၁၀/ တို့ လူမျိုးအားဖြင့်ဆိုရင် ရခိုင်တို့၊ မွန်တို့၊ ချင်းတို့ကိုတော့ ပစ်မှတ်ထားတာပေါ့။ ဒီက လူခံကနေပြီးတော့ မဖမ်းရအောင်ဆိုပြီး သူတို့အဖွဲ့က လူတယောက်ကို ယိုးဒယားငွေ ၂၅၀၀၊ ၃၀၀၀ လောက် ပေးပြီးတော့ နာမည်ပေးထားရင် လွတ်လာတယ်” ဟု မြို့ခံက မဇ္ဈိမသို့ပြောသည်။

ပွဲစားနှင့် ကြိုတင်အချိတ်ဆက် မရှိသူများသည် ဖမ်းဆီးခြင်းခံရပြီး နေရပ်ရင်းသို့ လာလမ်း အတိုင်း ပြန်ပို့လျက်ရှိသည်။

ကော့သောင်းမှတဆင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ မသွားရောက်နိုင်ရန် တားဆီးရ မည်ဟု အမိန့်ထုတ်ထားသော်လည်း လာဘ်ငွေယူ၍ လွှတ်ပေးနေမှုများကို အထက်အရာ ရှိများ သိရှိသွားသဖြင့် ဝန်ထမ်းများကို နေရာရွှေ့ပြောင်းမှုများ မကြာခဏ ပြုလုပ်လေ့ ရှိနေသည်။

“ဒီမှာ အဲလိုမျိုးကိစ္စတွေ ခဏခဏပေါ်လို့ သူတို့ ဝန်ထမ်းတွေဟာ မကြာမကြာ တနေရာ ပြန်ပြောင်း။ သူတို့လည်း မပြောင်းဖြစ်အောင်ဆိုပြီးတော့ အထက် လူကြီးတွေကို တန်ရာတန်ကြေးထဲ့။ ” ဟု သူကပြောသည်။

ပြည်တွင်း၌ လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိသူအချို့မှာ ကော့သောင်းမှတဆင့် ထိုင်း နိုင်ငံ ရနောင်းနှင့် အခြားမြို့များသို့ စွန့်စားပြီး သွားရောက် နေထိုင်ကာ ရရာအလုပ်များကို လုပ်ကိုင်နေကြရခြင်းဖြစ်သည်။

ကော့သောင်းမြို့သို့လာရာ လမ်းတလျှောက်တွင်လည်း လုံခြုံရေးဂိတ်များ အဆင့်ဆင့် ဖြတ်သန်းရပြီး ဂိတ်ကြေးများအဖြစ် ဂိတ်အသေးဖြတ်လျှင် ကျပ် ၁၀၀၀-၂၀၀၀ ပေးရပြီး၊ ဂိတ်ကြီးများတွင်မူ အနည်းဆုံး ကျပ် (၁-၂) သောင်း တောင်းကြောင်း သိရသည်။