တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အစိုးရသစ်ပြောင်းရန် GW က ရန်ကုန်တွင် လှုံ့ဆော်

အစိုးရသစ်ပြောင်းရန် GW က ရန်ကုန်တွင် လှုံ့ဆော်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ နေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် CNG - Change New Government 'အစိုးရအသစ် ပြောင်းလဲပေး' ဆိုသည့် စာတမ်းများကို နေရာအချို့တွင် ယနေ့နံနက်ပိုင်းက ချိတ်ဆွဲခဲ့ကြောင်း လှုပ်ရှားသူများက ပြောသည်။

ဗြိတိသျှ သံတမန် အဆောက်အဦရှေ့ အပါအ၀င် ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ကမ္ဘာအေးနှင့် ဒဂုံမြို့သစ်အတွင်း ကျောင်း၊ တံတား၊ ဟိုတယ်နှင့် တံတိုင်းများတွင် အဆိုပါ စာတမ်းအား ဆေးမှုတ်ခြင်း၊ ပို့စတာကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း Generation Wave - GW ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ပြောဆိုခြင်းဖြစ်သည်။

"အခုလက်ရှိ ရှိနေတဲ့ လူငယ်တွေ၊ တကမ္ဘာလုံးမှာ ရှိနေတဲ့ မျိုးဆက်သစ် လူငယ်တွေက ပိုကောင်းတဲ့ လူမှုအဖွဲ့အစည်း၊ လူမှုဘ၀တွေကို လိုချင်နေသလို၊ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကလည်း အပြောင်းအလဲတွေ လိုချင်တယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်" ဟု GW အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက မဇ္ဈိမကို ပြောသည်။ အဖွဲ့၏ လုပ်ဆောင်ချက်များကို ဓာတ်ပုံနှင့် တကွ ပေးပို့လာသည်။

သို့သော် မဇ္ဈိမအနေဖြင့် မည်မျှကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည်ကို သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း CNG လှုပ်ရှားမှုတခု လုပ်ခဲ့သေးသည်။

ကိုမိုဃ်းသွေးက "အနာဂတ်သစ်အတွက် အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက်ဆိုရင် ပြည်သူလူထုအနေနဲ့ ဖန်တီးယူရမယ်။ တိုက်ပွဲဝင်ပြီးတော့ ယူရမယ်ဆိုတာကို ကြွေးကြော်တိုက်ပွဲဝင်နေတဲ့ GW အဖွဲ့ဝင်တွေ အဖမ်းခံရပြီးနောက်ပိုင်း ကျန်နေတဲ့ အဖွဲ့ဝင်တွေက အခုလို ဆက်လုပ်လိုက်တာပါပဲ'' ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် GW အဖွဲ့ဝင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး (အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ် ဥပဒေကျောင်းသား) တို့ ဖမ်းဆီးခံခဲ့ရသည်။