ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပနိုင်ငံများသို့ ဆန်ဖြူ တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ကုန်အဖြစ် ပေါင်းဆန် ထုတ်လုပ်၍ တင်ပို့ရောင်းချခြင်းက တန်ချိန် ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းက ပြောသည်။
“ရိုးရိုးဆန်၊ ဆန်ဖြူအတွက် စပါးတင်း ၁၀၀ ကို ကြိတ်မယ်ဆိုရင် ဆန်ဖြူ ၁ တန် ရနိုင်ပါတယ်။ ပေါင်းဆန်ကို ကြိတ်မယ်ဆိုရင် ၁.၃ တန်ခန့်အထိ ရနိုင်ပါတယ်။ ပေါင်းဆန်က ၃၀ ရာခိုင်နှုန်းလောက် ပိုရပါတယ်” ဟု အသင်းမှ ဦးမျိုးသူရအေး က ပြောကြားသည်။
ပေါင်းဆန်မှာ စပါးအခွံမချွတ်မီ ရေစိမ်၍ ဖိအားပေး ပေါင်းကာ အခြောက်ခံပြီးမှ ကြိတ်ခွဲရခြင်း ဖြစ်သည်။
“ပေါင်းဆန်ကို ၁ လ တန် ၂,၀၀၀ ခန့် ရုရှားကို တင်ပို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါင်းဆန် ထုတ်လုပ်တဲ့ အရည်အသွေးက ကမ္ဘာ့ဈေးကွက်မှာ ယှဉ်နိုင်တာ တွေ့ရပါတယ်။ ဒီထက်တိုး ထုတ်နိုင်ရင် ဝယ်လက်တွေ ပိုရလာနိုင်
ပါတယ်။ မြန်မာပေါင်းဆန် ရတဲ့ဈေးနှုန်းက အိန္ဒိယနဲ့ ပါကစ္စတန်တို့ထက် ပိုရပါတယ်။ ထိုင်း ပေါင်းဆန် ဈေးနှုန်းထက်
တော့ နိမ့်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဆန်စပါး အသင်းချုပ်မှ ဒေါက်တာ စိုးထွန်း က ပြောသည်။
လက်ရှိ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် ပေါင်းဆန်စက်များမှာ ဘိုကလေးမြို့နယ်တွင် နှစ်လုံး၊ ဝါးခယ်မမြို့နယ်တွင် တလုံး၊ အိမ်မဲမြို့နယ်တွင် တလုံး၊ ကျိုက်လတ် မြို့နယ်တွင် တလုံး၊ စုစုပေါင်း ငါးလုံး ရှိနေသည်ဟု ဆိုသည်။
“မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံမျိုးတွေ ဆီကနေ ဝယ်ရင် အခွန်က ၀ ရာခိုင်နှုန်းပဲ ပေးရပြီး ထိုင်းနိုင်ငံက မှာယူ
တင်သွင်းပါက တင်သွင်းသည့် နိုင်ငံ၏ သတ်မှတ် အခွန်နှုန်းအတိုင်း ပေးဆောင်ကြရတယ်။ တင်သွင်းတဲ့ ကုမ္ပဏီက ပိုအမြတ်ရမယ့် နိုင်ငံကပဲ သွင်းချင်ကြတယ်။ ဒါကြောင့် မြန်မာပေါင်းဆန်က ဈေးကွက် ပိုရမယ့်သဘော ရှိလာနိုင်
ပါတယ်” ဟု ဆန်စပါး ဈေးကွက် ကျွမ်းကျင်သူ တဦးက သုံးသပ်သည်။










