ရန်ကုန် (မဇ္ဈိမ) ။ ။ ဘုရင့်နောင် ပဲဈေးကွက်အတွင်း အိန္ဒိယမှ ဝယ်လက် ရှိနေသော်လည်း ပဲမျိုးစုံမှာ ကျဈေးနှင့်
ဈေးတန့်လျက်ရှိနေကြောင်း မြန်မာနိုင်ငံ ပဲ-နှမ်း ကုန်သည်များအသင်းက ဆိုသည်။
“အိန္ဒိယ ဝယ်လက် ရှိနေပေမယ့် ပဲဈေးတွေ ကျတယ်။ အရည်အသွေးကောင်းပြီး အဝယ်များတဲ့ ပဲတီစိမ်းတောင် တက်ဈေး မရဘဲ ဈေးတန့်နေတယ်။ အမှန်ဆို ဝယ်လက် အဆွဲရှိရင် ဈေးပိုရတာ ထုံးစံပါ” ဟု ဝါရင့် ပဲကုန်သည် ဦးကြည်စိုး က ပြောသည်။
“အိန္ဒိယ ဝယ်လက်ရှိပြီး ဈေးတွေ ကျနေရတာက အိန္ဒိယရဲ့ ပဲဈေးကွက်ထဲမှာ အိန္ဒိယမှာ စိုက်တဲ့ ပဲသစ်တွေ ဝင်နေ တာရယ်၊ မြန်မာပဲနဲ့အပြိုင် အာဖရိက ပဲစင်းငုံတွေ ဝင်နေတာ ကြောင့်ပါ။ အိန္ဒိယ ဈေးကွက်က မြန်မာ ပဲစင်းငုံရဲ့ အရည်အသွေးကို ကြိုက်ပေမယ့် အာဖရိက ပဲစင်းငုံက တတန်ကို ဒေါ်လာ ၅၀ လောက် ဈေးနိမ့်တာကြောင့် အာဖရိက ပဲကို ပိုမိုဝယ်ယူမှု ရှိနေတယ်။ စတဲ့ အကြောင်းအရာတွေကြောင့် ပဲဈေး နိမ့်နေတာပါ” ဟု ဝါရင့် ပဲကုန်သည် တဦးက သုံးသပ်ပြောကြားသည်။
ပဲတီစိမ်း အသစ်များမှာ ဈေးကွက်သို့ အဝင်ရှိနေပြီး ဝယ်လိုအား ရှိသလောက် ရောင်းချနိုင်သည့် အနေအထား ရှိနေသည်။
မတ်ပဲမှာ လက်ရှိ ရောင်းဝယ်နေသည့် ကုန်သည်လက်ထဲတွင် ပဲလက်ကျန် ပါးသွားပြီဖြစ်ကာ လက်ကြီးသမားများ တွင်သာ များများစားစား ကျန်ရှိတော့သည်ဟု ဆိုသည်။
“မတ်ပဲက လက်ရှိ ဝယ်ရောင်း လုပ်နေတဲ့ ကုန်သည်တွေ လက်ထဲမှာ ရှိနေတုန်းက ပြည်ပ ဈေးကွက် ပေါက်ဈေးနဲ့ တတန်ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်လောက် ကွာခဲ့တယ်။ အခု လက်ကြီးသမားတွေရဲ့ လက်ထဲမှာပဲ ရှိတဲ့အချိန်ကျ
တော့ ပြည်ပဈေးကွက်ပေါက်ဈေးနဲ့ တတန်ကို ကျပ် ၅,၀၀၀ လောက်ပဲ ကွာတဲ့အနေအထား ရှိလာတယ်” ဟု ဗဟိုစည်အိမ်ရာရှိ ပဲကုန်သည် ဦးဝင်းနိုင် က ဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက် ပဲဈေးနှုန်းများမှာ ရန်ကုန် FOB ဈေးနှုန်းမှာ ၅၃၀-၅၅၀ ဒေါ်လာဖြင့် ငြိမ်နေပြီး ပြည်တွင်းဈေးမှာ ယခင်တပတ်ကထက် တတန်လျှင် ကျပ် ၁၀,၀၀၀ ကျော် ဈေးကျခဲ့သည်။ အလားတူ ရန်ကုန် FOB ဈေးနှုန်းအရ ပဲစင်းငုံမှာ ၁၀ ဒေါ်လာခန့် ကျသွားပြီး ပြည်တွင်းဈေးနှုန်းမှာ တတန်လျှင် ကျပ် ၁၀,၀၀၀ ကျော် လျှော့ကျခဲ့သည်။ ပဲတီစိမ်းမှာလည်း ရန်ကုန် FOB ဈေးနှုန်းမှာ ယခင်အပတ်ကထက် တတန်လျှင် ဒေါ်လာ ၃၀ လျော့ကျခဲ့ပြီး ပြည်တွင်း
ဈေးနှုန်း တတန်လျှင် ကျပ် ၆၉၀,၀၀၀ ဖြင့် ဈေးတန့်လျက်ရှိသည်။
ယခုသီတင်းပတ် အတွင်း ပြည်တွင်း ပဲပေါက်ဈေးများမှာ မတ်ပဲ တပိဿာ ၇၁၀-၇၂၀ ကျပ်၊ ပဲစင်းငုံ တပိဿာ ၈၁၆- ၈၂၀ ကျပ်၊ ပဲတီစိမ်း တပိဿာ ၁,၁၃၀-၁,၁၄၀ ကျပ်တို့ ရှိခဲ့ကြောင်း သိရသည်။












